နှစ် ‘၁၅၀’ မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ်လည်းဖြစ် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ကြားကာလအစီအမံအောက်ရှိ အကျဥ်းထောင်အသီးသီးက အကျဥ်းသူ၊ အကျဥ်းသား ၂၈ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် နောက်ထပ် အကျဥ်းသူ၊ အကျဥ်းသား ၁၄၈ ဦးကိုလည်း ပြစ်ဒဏ်လျော့ပေါ့ခွင့်ပေးလိုက်သည်ဟု IEC က ဆိုသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြသည့် အကျဥ်းသားများ အကျဥ်းကျခံရသည့် အမှုများနှင့်ပတ်သတ်ပြီး IEC အတွင်းရေးမှူး ၂ ဦးဗညားက ယခုလို ပြောပါသည်။
“ အသေးစိတ်လေး ကျနော်တို့ ပြောလို့မရ၊ အားလုံးကိုတော့ နောက်ပိုင်း ကျနော်တို့ ထုတ်ပြန်တာရှိရင်လည်းရှိမယ်။ အမှုစုံပါပဲ။ နဲနဲပါးပါးခိုးမှု၊ နောက်ပြီးတော့မှ မူးယစ်ဆေးဝါးမှု အဓိက ဖြစ်တယ်ပေါ့။ မ နှစ်ဦးပါ, ပါတယ်” ဟု ဦးဗညားက ပြောသည်။
ကြားကာလအစီအမံအောက်ရှိ အကျဥ်းထောင် အမှတ် (၁) တွင် အကျဥ်းသား ၁၅၀ ဦးရှိပြီး အကျဥ်းထောင်အမှတ် (၂) ၌ အကျဥ်းသားပေါင်း ၈၀ ဦး ရှိသည်ဟုလည်း IEC က ပြောဆိုသည်။
နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များတွင် အကျဥ်းကျနေကြသည့် အကျဥ်းသူ၊ အကျဥ်းသား ၁၀၀ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၁၀၅ ဦးကို ပြစ်ဒဏ်လျော့ပေါ့ခွင့်ပေးခဲ့ကြောင်း ၂၀၂၄ ခုနှစ် သြဂုတ်လ၂၅ ရက်နေ့တွင်ကျရောက်ခဲ့သည့် ကရင်နီပြည်ရဲဌာန (KSP) ၏ သုံးနှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။