IEC က ကရင်နီပြည်တွင် ယာဥ်မောင်းလိုင်စင်ထုတ်ပေးရေးလုပ်ငန်း စတင်လုပ်ဆောင်ပေး

0
266

ကရင်နီ (ကယား) ပြည်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးသည့်နေရာများနှင့် IEC အုပ်ချုပ်ရေးနယ်မြေတို့တွင် ဒေသခံလူထု အဆင်ပြေလုပ်ကိုင်နိုင်ရန်အတွက် ယာဉ်မောင်းလိုင်စင်နှင့် မော်တော်ယာဥ်နံပါတ်ပြားကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးပြောဆိုသည်။

IEC ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန – ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက “ယာဥ်မောင်းလိုင်စင်တွေကတော့ ကျနော်တို့ IEC ဌာနတွေအနေနဲ့ပေ့ါနော၊ ကနဦးစပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ပေးနေတယ်။ ပြည်သူတွေထဲကလည်း တစ်ဦးစနှစ်ဦးစပေါ့နော ကျနော်တို့ဆောင်ရွက်ပေးနေတဲ့ အနေအထားမျိုးတွေ စပြီးမှရှိနေပြီ” ဟု ပြောဆိုသည်။

လက်ရှိကြားကာလအခြေအနေအရ ပြည်နယ်အတွင်းမောင်းနှင်နိုင်မယ့် လိုင်စင်များကို ဦးစွာထုတ်ပေးနေပြီး၊ ယင်းနောက်တွင် အခြားသောယူနစ်များ၊ ပြည်နယ်များကတဆင့် ပြည်ထောင်စုနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။

တော်လှန်ရေးကာလအတွင်း ကရင်နီပြည်တွင် လာရောက်ခိုလှုံနေထိုင်သည့်သူများလည်း များပြားတာကြောင့် ၎င်းတို့အတွက်ပါ ယာဥ်မောင်းလိုင်စင်နှင့် ယဉ်နံပါတ်ပြားများကိုပါ ထုတ်ပေးမည်ဖြစ်ကြောင်း ဦးအယ်လ်ဖောင်းရှိုက ဆက်ပြောသည်။

“ပစ္စည်းတစုံတရာပျောက်သွားရင် ဆိုင်ကယ်၊ ကားတွေ ခိုးခံရတယ်ဆိုပါစို့။ တစုံတခုဖြစ်ခဲ့တယ်ဆိုရင်တော့ ယာဥ်မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ထားတဲ့သူဆိုရင် ကျနော်တို့သက်ဆိုင်ရာ KSP ချိတ်ဆက်ပြီး ပြန်ရှာဖွေနိုင်တာတွေ၊ ပိုပြီးတော့ ပြည်သူတွေအတွက် တာဝန်ယူမှုတာဝန်ခံမှုနဲ့ အပြန်အလှန် ကျနော်တို့ အစိုးရတရပ်အနေနဲ့ ပြန်လုပ်ပေးနိုင်တဲ့ အနေအထားမျိုးတွေ ကြားကာလကောင်စီအနေနဲ့ ကျနော်တို့ လုပ်ပေးနိုင်တဲ့ အနေထားမျိုးကို ကျနော်တို့ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

IEC ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကနေ အခွန်ငွေကောက်ခံခြင်း၊ လမ်းတံတားပြုပြင်ခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ လုပ်ငန်းလိုင်စဥ် ပြုလုပ်ပေးခြင်းနဲ့ မော်တော်ယာဥ် မှတ်ပုံတင်ခြင်း၊ နံပါတ်ပြား ပြုလုပ်ပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here