ICRC က ပဋိပက္ခဖြစ်ပွားနေသောဒေသများသို့ သွားရောက်ကူညီခွင့်ရရေး စစ်ခေါင်းဆောင်နှင့်တွေ့ဆုံစဉ် တောင်းဆိုခဲ့ဟုဆို

0
139
Photo - SAC & ICRC

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Mirjana Spoljaric က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်၌တွေ့ဆုံစဉ် ပဋိပက္ခဖြစ်ပွားနေသော ဒေသများသို့သွားရောက်၍ အကူအညီ ပိုမိုပေးနိုင်ရေး တောင်းဆိုခဲ့သည်ဟု ICRC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ICRC ဥက္ကဌ Mirjana Spoljaric ၏ စက်တင်ဘာ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်လေ့လာသည့် ခရီးစဥ်ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသရှိ အရပ်သားပြည်သူများအား လူသားချင်းဆိုင်ရာအကူအညီများ ပိုမိုသွားရောက်ပေးအပ်နိုင်ရေး တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ICRC ၏ ရည်ရွယ်ချက်နှင့် စစ်ကောင်စီဘက်က ဆောင်ရွက်ပေးနိုင်မှုနှင့်စပ်လျဥ်း၍ ဆွေးနွေးပြောဆိုခဲ့သလို အထူးသဖြင့် ICRC ၏ ကြားနေကဏ္ဍနှင့် အကူအညီလိုအပ်မှု အများဆုံးရှိနေသည့်လူထုထံ သွားရောက်နိုင်ရေးကို အလေးပေးပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ICRC ဥက္ကဌ Mirjana Spoljaric က “ကျမတို့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ ဆွေးနွေးပြောဆိုမှုတွေမှာ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဥပဒေကို လေးစားလိုက်နာကြဖို့နဲ့ အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူတွေ ဘေးကင်းလုံခြုံစေဖို့ သူတို့မှာရှိတဲ့တာဝန်ဝတ္တရားတွေကို အသိပေးပြောဆိုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICRC အနေဖြင့် လက်ရှိပဋိပက္ခဖြစ်ပွားနေသည့် ဒေသများဖြစ်သော ကရင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့ ကူညီပံ့ပိုးမှုများပေးနိုင်ရေး ဆုံးဖြတ်ထားသည်ဟုလည်း ICRC က ဆိုသည်။

စစ်ကောင်စီဘက်က ICRC ဥက္ကဌနှင့်အဖွဲ့၊ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံစဥ် လူသားချင်းစာနာမှုအကူအညီပေးရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သလို မသက်ဆိုင်သည့်အဖွဲ့အစည်းများထံ ထောက်ပံ့ကူညီမှု မရောက်ရှိစေရေး စစ်တပ်လက်အောက်ရှိ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများကတဆင့် ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် ဇွန်လပိုင်းမှစ၍ မြန်မာနိုင်ငံရှိ အကျဥ်းထောင်များသို့ ဝင်ရောက်ကြည့်ရှုခွင့်နှင့် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စများအား ပြန်လည်ခွင့်ပြုပေးရန် ICRC အနေဖြင့် စစ်ကောင်စီထံ တောင်းဆိုခဲ့ပြီးနောက် လူသားချင်းဆိုင်ရာစာနာမှုနှင့်ပတ်သက်၍ ယခုလို ထပ်မံတောင်းဆိုခြင်းလည်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့ကလည်း အကျဥ်းထောင်များအတွင်း ဝင်ရောက်ခွင့်ရရေး ICRC က စစ်ကောင်စီအဖွဲ့နှင့် တွေ့ဆုံပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ခွင့်ပြုချက်မရရှိသေးသလို ယခုလို တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ ရရှိလာသည့်ဆုံးဖြတ်ချက်ကို နှစ်ဖက်အဖွဲ့လုံးက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် ICRC ဥက္ကဌနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးစဥ်အတွင်း လူသားချင်းစာနာထောက်ထားမှု အခြေအနေများကို သိရှိနိုင်ရန် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း ICRC ၏ ထုတ်ပြန်ချက်အတွင်းဖော်ပြထားပြီး လူထုရင်ဆိုင်တွေ့ကြုံနေရသည့် ပြဿနာနှင့်လိုအပ်ချက်များကို သိရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here