5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းFortify Rights ရုပ်သံဖိုင်ပါ စစ်ရာဇဝတ်မှုကျုးလွန်ခဲ့သည့် တပ်သားများကို အပြစ်ပေးထားပြီးဖြစ်ဟု AA ပြောဆို

Fortify Rights ရုပ်သံဖိုင်ပါ စစ်ရာဇဝတ်မှုကျုးလွန်ခဲ့သည့် တပ်သားများကို အပြစ်ပေးထားပြီးဖြစ်ဟု AA ပြောဆို

Fortify Rights က ထုတ်ဖော်ပြောကြားလာသည့်ရုပ်သံဖိုင်နှင့် ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည့် AA တပ်သားများကို အပြစ်ပေးအရေးယူထားပြီးဖြစ်သည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုသည်။

ရခိုင်တိုက်ပွဲကာလအတွင်း စစ်သုံ့ပန်းတချို့ကို အာရက္ခတပ်တော် (AA) က သတ်ဖြတ်ခဲ့သည်ဟု Fortify Rights အဖွဲ့က ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးရန် တောင်းဆိုထားမှုနှင့်ပတ်သက်ပြီး ဦးခိုင်သုခက ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ AA တပ်သားများ ကျူးလွန်ခဲ့ကြောင်းဝန်ခံထားပြီး ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူထားသလို နောက်ထပ်မဖြစ်အောင်လည်း အကောင်းဆုံး ထိန်းကျောင်းသွားမည်ဟု ဦးခိုင်သုခက ပြောသည်။

“ဒီကိစ္စတစ်ခုတည်းကိုကြည့်ပြီး ရာထောင်ချီတဲ့ စစ်သုံ့ပန်းတွေကို ဆေးဝါးကုသပေးပြီးတော့ ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတာကို မမေ့ဖို့လိုပါတယ်။ မြင်အောင်ကြည့်ဖို့လည်း လိုပါတယ်။ ဒီကိစ္စဟာ ကျနော်တို့ရဲ့မူဝါဒနဲ့ လုံးဝဆန့်ကျင်ပါတယ်။ ဒီလိုမျိုး ဥပဒေမဲ့လုပ်ရပ်မျိုးကို ကျနော်တို့ လုံးဝလက်မခံပါဘူး။ ကျူးလွန်သူဟူသမျှကိုလည်း အရေးယူအပြစ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒီလိုမျိုး ကိစ္စမျိုးနောက်ထပ်မဖြစ်အောင် အကောင်းဆုံးထိန်းကျောင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ယခု အွန်လိုင်းပေါ်ပျံ့နှံ့လာသည့် ဗွီဒီယိုဖိုင်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျောက်တော်မြို့အခြေစိုက် စကခ (၉) တပ်မကို သိမ်းပိုက်ပြီးနောက် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဦးခိုင်သုခ ပြောဆိုမှုအရ သိရသည်။

မိသားစုဝင်များ မတရားသတ်ဖြတ်ခံခဲ့ရသည့် AA တပ်သားတချို့က စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိချိန်တွင် ဒေါသမထိန်းနိုင်ဘဲ စစ်စည်းကမ်းချိုးဖောက်ကာ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တပ်မှူးငယ်တချို့လည်း တိုက်ပွဲကာလအတွင်း ကျဆုံးသွားပြီး တချို့ကိုလည်း အပြစ်ပေးအရေးယူထားပြီဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

Fortify Rights ၏ ထုတ်ပြန်ချက်ထဲတွင် ဖမ်းဆီးရမိသော ရန်သူ့တပ်သားများကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်း၏ ကာကွယ်စောင့်ရှောက်မှုပေးကာ စစ်ရာဇဝတ်မှု ကျူးလွန်ထားသည့် တာဝန်ရှိသူများကို တရားစွဲဆိုသင့်သည်ဟု ဆိုထားသည်။

“အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရားလက်လွတ် ကွပ်မျက်တာ စစ်ရာဇဝတ်မှု မြောက်ပါတယ်” ဟု Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။