EAOs နှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲအမှုများ ပိတ်သိမ်းမည်ဆိုသော်လည်း AA သံသယဖြင့် ဖမ်းဆီးခံရသူ ၃ ဦး အချုပ်ခန်းသို့ ပြန်ခေါ်သွားခံရ

0
387
ပုံစာ - AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရသူ လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်းနှင့် ၃ ဦး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံး စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း AA နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရသူ ရခိုင်ဒေသခံ ၃ ဦး အား ရုံးထုတ်ပြီးနောက် အချုပ်ခန်းသို့ ပြန်ခေါ်ဆောင် သွားကြောင်း သိရသည်။

ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း အပါအဝင် ၃ ဦး တို့ကို သြဂုတ်လ ၂ ရက်၊ ရုံးချိန်းတွင် ပြန်လွတ်လာလိမ့်မည်ဟု မိသားစုက မျှော်လင့်ထားသော်လည်း ပြန်မလွှတ်ပေးဘဲ အချုပ်ခန်းထဲကို ပြန်ခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

အချုပ်ခန်းသို့ ပြန်ခေါ်ဆောင်သွားခံရသူ ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက “ဒီနေ့ သြဂုတ် ၂ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ ဦးဇော်ဝင်း အပါအဝင် ၃ ဦး ကို ကျောက်တော်မြို့နယ် တရားရုံးမှာ အပြီးသတ် အမိန့်ချမယ် ဆိုပြီး ရုံးထုတ်လာပါတယ်။ ယခင်ရက်တွေနဲ့ နည်းတူ အမိန့်မချဘဲ လာမယ့် သြဂုတ်လ ၁၅ ရက်ကို ထပ်မံရုံးချိန်း လိုက်ပါတယ်” ဟု ပြောသည်။

AAနှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို ခံထားရပြီး အမိန့်ချရန် ကျန်နေသူ လူထုဇော်ဝင်း အပါအဝင် ၃ ဦး၏ သြဂုတ်လ ၂ ရက် ရုံးချိန်းသည် အမိန့်ချရန် ၁၁ ကြိမ်မြောက် ရုံးချိန်း ဖြစ်သည်ဟု မိသားစုဝင်များနှင့် တရားရေးဝန်ထမ်းများက ပြောသည်။

တရားရေးဝန်ထမ်းတစ်ဦးက “ဒီတစ်ကြိမ်နဲ့ပါဆိုရင် အမိန့်ချဖို့ ရုံးထုတ်တာ ၁၁ ကြိမ် ရှိပါပြီ။ ၅၀၅-က တွေကို ၁၅ ရက်နေ့ ပြန်ချိန်းတယ်။ ၃ ယောက်လုံးကို၊ သူတို့ကတော့ ၁၅ ရက်နေ့မှာ ပြန်စောင့်ကြည့်လို့ ပြောတယ်” ဟု ပြောသည်။

သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံး စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများကို အမှုမှလွှတ်ပေးရန် ထုတ်ပြန် ခဲ့သောကြောင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ သြဂုတ် ၂ ရက် ရုံးချိန်းတွင် လွှတ်ပေးမည်ဟု တရားရုံးရှေ့တွင် မျှော်လင့်ချက်တကြီး စောင့်ဆိုင်းနေသည်ဟု သိရသည်။

လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း၏ ဇနီးဖြစ်သူက “စိတ်ညစ်တာကလွဲရင် ဘာမှ မပြောချင်တော့ဘူး။ ဝါဆိုလပြည့် မကျမီ အဖိတ်နေ့ကလည်း လွတ်မယ်ဆိုပြီး မျှော်လင့်နေကြတာ။ မလွတ်ရင် စိတ်မကောင်း ဖြစ်ရုံအပ ဘာတတ်နိုင်မှာလဲ။ သူတို့လုပ်တိုင်း ခံနေရတာကိုး” ဟု ပြောသည်။

စစ်ကောင်စီက သြဂုတ် ၁ ရက်တွင် ကျရောက်သည့် ဒုတိယဝါဆို လပြည့်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်ပေး ခဲ့သည်ဟု ထုတ်ပြန်ကြေညာထားသည်။

ယင်းအပြင် စစ်ကောင်စီက ယမန်နေ့က ကျရောက်ခဲ့သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် ထောင်ကျနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦး ကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာ နံပတ် (၂၂) တွင် သတ/၂၃/၀၀၃၈၉/က အောင်နိုင်မြင့် (ဘ) ဦးချစ်မောင်၊ AA လက်နက်ကိုင် အဖွဲ့ဟု ဖော်ပြထားသည်။

AA အဖွဲ့ဝင် ဟုဆိုကာ စစ်ကောင်စီက လွှတ်ပေးခဲ့သောသူမှာ သံတွဲမြို့နယ်မှ ဦးအောင်နိုင်မြင့်(ဘ) ဦးချစ်မောင် ဆိုသူဖြစ်ပြီး သံတွဲအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်ဟုဆိုကာ သံတွဲအကျဉ်းထောင်မှ လွှတ်ပေးခဲ့သူမှာ AA တပ်ဖွဲ့ဝင် မဟုတ်ဘဲ သာမန်အရပ်သားသာ ဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here