CDM ရဲတပ်သားများက စစ်ကောင်စီလက်အောက်ခံတပ်သားများ CDM ပြုလုပ်ကြဖို့ တိုက်တွန်းဖိတ်ခေါ်

0
306

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်သားများအနေနဲ့ ပြည်သူနှင့် တသားတည်း ရပ်တည်ပြီး CDM ပြုလုပ်ကြဖို့ကို CDM ပြုလုပ်ခဲ့သည့် ရဲတပ်သားတွေက တိုက်တွန်း ဖိတ်ခေါ်လိုက်သည်။

KNDF က ထုတ်ပြန်ထားသည့် ကရင်နီပြည်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီရဲစခန်းများကနေ လက်နက်နှင့်အတူ CDM ပြုလုပ်လာသူများ၏ စကားသံများ ဗီဒီယိုဖိုင်ထဲတွင် ဘောလခဲမြို့မရဲစခန်းမှ CDM ပြုလုပ်ခဲ့သည့် ရဲမေဝတ်မှုန်ဖူးက အခုလို ပြောဆိုသည်။

“ကိုယ့်ရဲ့ရွေးချယ်မှုပဲလေ ရွေးချယ်မှု မှန်ကန်ဖို့ပဲ လိုတယ်ပေါ့နော။ ကိုယ်ရွေးချယ်လိုက်တဲ့ အပေါ်မှာလည်း ဘယ်တော့မှ နောင်တမရဘူးပေါ့ ။ ဆက်ပြီးတော့ ထွက်လာချင်တဲ့သူရှိရင် ထွက်လာခဲ့ပါ။ ပြည်သူလူထုကိုလည်း နောက်ကျမှ ထွက်လာရတဲ့အတွက် အများကြီးတောင်းပန်ချင်တယ်ပေါ့နော” လို့ ရဲမေဝတ်မှုန်ဖူးက ပြောဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) လက်အောက်ရှိ CDM ဌာနတွင် CDM ပြုလုပ်သည့် စစ်ကောင်စီ လက်အောက်ခံ ရဲ၊ တပ်သားများအတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေး အစီအစဉ်တွေကို ပြုလုပ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၃ လ အတွင်း ကရင်နီပြည်၊ ဘောလခဲမြို့နယ်က မြို့မရဲစခန်းနှင့် ခရိုင်ရဲစခန်းကနေ KNDF ထံ လက်နက်နဲ့အတူ CDM ပြုလုပ်လာသည့် ရဲတပ်သား ၇ ဦး အထိ ရှိခဲ့ပြီး ၎င်းတို့တွေကို လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ပေးထားပြီး ခံစားခွင့်ဆုကြေးလည်း ပေးအပ်ထားတယ်လို့ KNDF က ပြောဆိုသည်။

CDM ရဲတပ်သားညေးရယ်က “ကျနော် စစ်အာဏာရှင်အောက်မှာ မနေချင်တာလည်းပါတယ်။ ကျနော်က ကယားတိုင်းရင်းသားပဲလေ တိုင်းရင်းသားဘက်မှာလည်း ပါဝင်ချင်တာကြာပြီ။ အခြေအနေကြောင့် မိသားစုကြောင့် နေနေရတယ်။ အဲ့မှာ မနေချင်တော့ဘူးဆိုပြီး ဆုံးဖြတ်ချက်ချပြီး ထွက်လာလိုက်တယ်။ နောင်လာနောင်သား၊ သားသမီး၊ တိုင်းရင်းသားအားလုံးအတွက်ပေါ့ ဆုံးဖြတ်ပြီး ထွက်လာလိုက်တယ်” လို့ KNDF ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်ထဲတွင် ပြောဆိုထားသည်။

ကရင်နီပြည်တွင် စစ်ရေးအရှိန် ပိုမိုပြင်းထန်လာတာကြောင့် စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင် နေသည့် တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ လာရောက်ပူးပေါင်းကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထပ်မံဖိတ်ခေါ် တိုက်တွန်းလျက်ရှိသည်။

CDM ပြုလုပ်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစိတ်ချမှုကို ပြည့်ဝစွာ အာမခံတယ်လို့ KNDF က အသိပေး ပြောဆိုထားပါသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here