CDF ပလက်ဝ ရဲဘော်၊ရဲမေ ၂၅၀ ထက်မနည်း တောစီးဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေကြရ

0
422

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်အာဏာရှင်ကိုခုခံတိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ၏ ရဲဘော်၊ ရဲမေ ၂၅၀ ထက်မနည်းမှာ တောစီးဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေရသောကြောင့် အခက်အခဲကြုံနေကြရသည်ဟု ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

“ရဲဘော် ၂၅၀ အတွက် ဆိုတာကလည်း များများလှူရင်တော့ များများဝယ်လို့ ရနိုင်တာပေါ့နော်။ ၂၅၀ ရရင်လည်း ကျနော်တို့အတွက် အများကြီး ခံသာတာပေါ့လေ။ ကျန်တာကို အဆင်ပြေသလို ဖဲ့ထုတ်ပြီး ဝယ်လို့ရတာပေါ့။ အခုအရေးပေါ်လိုအပ်နေတဲ့ အရံ ၂၅၀ သာရရင် မြေပြင်မှာရှိတဲ့ ရဲဘော်တော်တော်များများကို အဆင်ပြေ စေတယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

CDF- ပလက်ဝ၏ ရဲဘော်ရဲမေများသည် တောစီးဖိနပ်မရှိ၍ အရေးပေါ် လိုအပ်နေသောကြောင့် နည်းလမ်း ရှာကြံပြီး ပို့ပေးခဲ့သော်လည်း ရဲဘော်ထက်ဝက်မျှ မလောက်ငှပဲ ရှိနေကြောင်းနှင့် ကျန်ရဲဘော်များ ဖိနပ်မရှိဘဲ စစ်ရေး လှုပ်ရှားနေရသောကြောင့် ပြည်တွင်းပြည်ပ ပြည်သူများ၏ အကူအညီများ လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ဆလိုင်းမျိုးထိုက်သည် ပလက်ဝမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သကဲ့သို့ ပလက်ဝမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးဥက္ကဌလည်း ဖြစ်သည်။

တချို့ရဲဘော်များသည် တောစီးဖိနပ်မရှိဘဲ နေရသည်မှာ အချိန်ကြာမြင့်လာပြီး တောစီးဖိနပ် မလုံလောက်မှုမှာ တော်လှန်ရေး စတင်ကတည်းက အခက်အခဲအဖြစ် ရှိနေခဲ့ကြောင်းနှင့် လက်ရှိတောစီးဖိနပ်များမှာလည်း ၃ လခန့် အသုံးပြုပြီးပါက လုံးဝပျက်စီးသွားပြီး အရေးပေါ်တောစီးဖိနပ်အရန်လည်း မရှိကြကြောင်း ရဲဘော်၊ ရဲမေများထံမှ စုံစမ်းသိရသည်။

လက်ရှိတွင် အိန္ဒိယရူပီး ၆၀၀ တန် တောစီးဖိနပ်မှာ ခြောက်လခန့် အကြမ်းခံ အသုံးပြု၍ရသောကြောင့် CDF ပလက်ဝ ရဲဘော်ရဲမေများအတွက် အရေးပေါ် လိုအပ်နေသည့် တောစီးဖိနပ် ၂၅၀ အရံ ဝယ်ယူနိုင်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေခြင်း ဖြစ်သည်။

CDF ပလက်ဝမှ တပ်ရင်းမှူးတစ်ဦးသည် တောစီးဖိနပ် မရှိခြင်းကြောင့် စစ်ရေးလှုပ်ရှားနေစဉ် ကျွတ်ကိုက်ရာမှ အဆိပ်တက်ပြီး အိန္ဒိယဘက်ခြမ်းထိ ဆေးသွားကုရမှုဖြစ်စဉ် ရှိခဲ့သည်၊ ယင်းအပြင် တချို့ရဲဘော်များမှာလည်း ထိလွယ်ရှလွယ်သော အနာတရဒဏ်ရာများ အများကြီး ဖြစ်ပေါ်နေစေသည်ဟု သိရသည်။

ထို့အပြင် ပလက်ဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးအဖွဲ့၊ ပညာရေး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး ကော်မတီများ စနစ်တကျ လည်ပတ်နိုင်ရေးအတွက် ဆက်သွယ်ရေး စကားပြောစက် (အိုက်ကွန်စက်) အလုံး ၆၀ ခန့်လည်း အရေးပေါ်လိုအပ်နေသည်ဟု ပလက်ဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

ဆက်သွယ်ရေး စကားပြောစက် အိုက်ကွန်တစ်လုံးကို အိန္ဒိယရူပီး ၂၀၀၀ ခန့် တန်ကြေးရှိနေပြီး လတ်တလောတွင် အိုက်ကွန် ၅ လုံး စာသာ ရရှိထားသောကြောင့် ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် တတ်နိုင်သလောက် ကူညီကြရန် မေတ္တာရပ်ခံထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝအား တပ်ရင်းဌာနချုပ်၊ တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

(အောက်ပါလင့်တွင် သွားရောက်ဆက်သွယ်နိုင်ပါသည်။)
https://www.facebook.com/chinlanddefenceforce.paletwa

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here