28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းCDF - Tonzang က စစ်သင်တန်းခေါ်ယူသည့်အတွက် ဒေသခံလူငယ်အများအပြား တိမ်းရှောင်နေ

CDF – Tonzang က စစ်သင်တန်းခေါ်ယူသည့်အတွက် ဒေသခံလူငယ်အများအပြား တိမ်းရှောင်နေ

ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်တွင် CDF-Tonzang က စစ်သင်သန်းတက်ရောက်ရန် အိမ်တိုင်ရာရောက် အတင်းအဓ္မခေါ်ယူနေသည့်အတွက် စစ်သင်တန်းမတက်လိုသော ဒေသခံလူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

တွန်းဇန်မြို့နယ်တွင် CDF-Tonzang နှင့် ZRA တို့ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အသက် ၁၈ နှစ်အထက် အမျိုးသားများကို မဖြစ်မနေ တစ်အိမ်တစ်ယောက်နှုန်းဖြင့် အခြေခံစစ်သင်တန်း တက်ရောက်ခိုင်းခြင်းဖြစ်သည်ဟု တွန်းဇန်မြို့ဒေသခံများက ပြောသည်။

တွန်းဇန်မြို့ခံတစ်ဦးက “CDF – Tonzang က တွန်ဇံမြို့ပေါ်နဲ့ အနီးကရွာတွေပေါ့၊ သူတို့ထိန်းချုပ်တဲ့ဒေသက သူတို့တက်သင့်တယ်ထင်တဲ့ လူငယ်တွေကို စစ်သင်တန်းတက်ဖို့ အတင်းခေါ်ယူနေတယ်။ သူတို့အိမ်အထိသွားပြီးတော့ ခေါ်နေတာပါ။ သူတို့ ပြောတာတော့ ၁၈ နှစ်ပြည့်ပြီးသားသူတွေလို့ပြောတယ်၊ ဒါပေမဲ့ ပြည့်ပြီးသားလူတွေရှိသလို မပြည့်သေးတဲ့သူတွေလဲပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး “အခုထိတော့ အမျိုးသားတွေကိုပဲ ခေါ်တာပါ။ အမျိုးသမီးတွေ မပါပါဘူး။ လက်ရှိသူတို့က လက်နက်ကိုင်ဆိုတော့ ပြည်သူတွေက ဘာမှတော့မပြောကြပေမဲ့ လူငယ်တွေအများစုကတော့ သူတို့နဲ့ဝေးရာကို တိမ်းရှောင်နေကြတယ်။ ပုံမှန်ခေါ်တာကတော့ ဧပြီလမှာ အခုလို အတင်းခေါ်တာကတော့ ပြီးခဲ့တဲ့အပါတ်ကစပြီး ခေါ်တာပါ” ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

CDF – Tonzang က ပြီးခဲ့သည့် ဧပြီလက အခြေခံစစ်သင်တန်းအပတ်စဉ် – ၁ ကို ခေါ်ယူကာ လူငယ်အယောက် ၁၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ယခုအခါ အပတ်စဉ် ၂ အတွက် ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။

“လူငယ်တွေ သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ သူတို့လက်နက်ကိုင်ဖို့ ဝင်လာတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုလို အတင်းအဓမ္မ စစ်သားစုဆောင်းတာကြတော့ စကစရဲ့လမ်းစဉ်အတိုင်းလိုက်ပြီး ကျင်းသုံးနေသလိုဖြစ်နေတော့ ရှေ့ဆက် ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်ပါတယ်” တွန်းဇန်မြို့ ဒေသခံနောက်တစ်ဦးက ပြောသည်။

တွန်းဇန်မြို့နယ်ကို ZRA တပ်ဖွဲ့က မကြာခဏ ဝင်ရောက်တိုက်ခိုက်လာသည့်အပြင် ကျေးရွာများကိုလည်း မီးရှိုဖျက်ဆီးမှုများ ပြုလုပ်လာသောကြောင့် ရပ်ရွာလုံခြုံရေးအတွက် အခြေခံစစ်သင်တန်းများတက်ရောက်ရန် ခေါ်ယူခြင်းဖြစ်သည်ဟု CDF – Tonzang စစ်ဦးစီးချုပ်က ချင်းမီဒီယာတချို့ထံ ပြောဆိုထားသည်။

အခြေခံစစ်သင်တန်းပြီးမြောက်သူ လူလွတ်များအနေဖြင့် CDF-Tonzang နှင့် Chinland Council တပ်ဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်နိုင်ကြောင်း၊ အိမ်ထောင်သည်များအနေဖြင့် ရပ်ရွာပြည်သူ့လုံခြုံရေးကို တာဝန်ယူရန်စီစဉ်ထားကြောင်းလည်း CDF-Tonzang စစ်ဦးစီးချုပ်က ပြောဆိုသည်။

KMG ပေးပို့သည်။