28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းCDF-Asho ထိန်းချုပ်နယ်မြေအတွင်း ငှက်ဖျားနှင့် ရာသီတုပ်ကွေး ကူးဆက်မှုမြင့်တက်နေပြီး ဆေးဝါးလိုအပ်နေ

CDF-Asho ထိန်းချုပ်နယ်မြေအတွင်း ငှက်ဖျားနှင့် ရာသီတုပ်ကွေး ကူးဆက်မှုမြင့်တက်နေပြီး ဆေးဝါးလိုအပ်နေ

မိုးဦးကာလရောက်လာပြီဖြစ်တာကြောင့် အရှိုချင်းကာကွယ်ရေးတပ် (CDF-Asho) ထိန်းချုပ်နယ်မြေအတွင်း ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါများဖြစ်ပွားနေပြီး နှစ်လအတွင်း ရဲဘော်များအပါအဝင် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင် ကူးဆက်မှုရှိခဲ့ကြောင်း သိရသည်။

ရဲဘော်များသာမက CDF – Asho စစ်ဆင်ရေးလှုပ်ရှားရာနယ်မြေဒေသမှ ပြည်သူများလည်း ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ကူးဆက်ဖြစ်ပွားမှု ပိုများလာတာကြောင့် ဆေးဝါးအကူအညီတောင်းခံကြောင်း CDF – အရှိုက ပြောသည်။

CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက “အဓိက, က ရှေ့တန်းရဲဘော်တွေ အဖြစ်များတယ်။ ရှေ့တန်း စစ်ဆင်ရေးနယ်မြေမှာနေတဲ့ ရဲဘော်တွေဖြစ်တယ်။ ဖြစ်လို့ရှိရင် စခန်းတွေကိုပို့ရတယ်။ ပို့ရတော့ အရပ်သားပြည်သူတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတော့ ရဲဘော်တွေဆီကပဲ အရပ်သားတွေဆီကို ကူးတယ်လို့ ပြောရမယ်” ဆိုသည်။

ဆက်လက်ပြီး ဆလိုင်းရိုးချင်းက “တောထဲမှာနေထိုင်တာဖြစ်လို့ ခြင်ကိုင်တာကို မကာကွယ်နိုင်တာကနေ ဖြစ်တာပါ။ ပြီးခဲ့တဲ့နှစ်က အရပ်သားပြည်သူ မဖြစ်သလောက်ကိုရှားပါတယ်။ မစစ်မိတာ ပါချင်ပါမယ်။ ဒီနှစ်က သေချာစစ်ကြတယ်။ အထူးသဖြင့် ကျနော်တို့ရဲဘော်တွေမှာကိုပဲ တစ်နှစ်ထဲနှစ်ခါဖြစ်တာ၊ တစ်လထဲနဲ့ နှစ်ခါ၊ သုံးခါဖြစ်တာ ဒီလိုမျိုးတွေရှိတယ်” ဟု ပြောသည်။

မေလအတွင်းမှာပင် CDF – Asho ရဲဘော် ၂၀ ကျော်နှင့် ဒေသခံပြည်သူ ၁၀ ဦးခန့်တွင် ငှက်ဖျားရောဂါဖြစ်ပွားခဲ့ပြီး အဓိကအားဖြင့် ရဲဘော်များတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ငှက်ဖျားရောဂါဖြစ်ပွားသူထဲတွင် ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ပါဝင်ပြီး လူနာတချို့တွင် ဦးနှောက်ကို ငှက်ဖျားပိုးဝင်မှုပင်ရှိနေသည်ကို တွေ့ရသည်။

ငှက်ဖျားရောဂါဆေးဝါးမှာလည်း အလွယ်တကူ ဝယ်ယူ၍မရရှိသောကြောင့် ရနိုင်သောနည်းလမ်းပေါင်းစုံဖြင့် ဝယ်ယူကုသပေးနေရကြောင်း၊ အထိုင်ဆေးခန်း ၁ ခု၊ မိုဘိုင်းဆေးခန်း ၁ ခု ဖြင့် ကုသပေးနေသော်လည်း ဆေးဝါကုသနိုင်မှုမှာ လုံလောက်မှုမရှိကြောင်း သိရသည်။

“ဒါက (ကုသမှု) လုံလောက်မှုတော့ မရှိနိုင်ပါဘူး။ ကျနော်တို့ကိုယ်တိုင်လည်း အကုန်လုံးကို မဖြန့်ကျက်နိုင် တာလည်းပါတယ်။ ဆေးဝါးရရှိမှု ခက်ခဲတာရယ်။ ဝယ်လို့ ရတဲ့ ဆေးတွေကြလည်း သယ်ရတာခက်ခဲတယ်။ ဝယ်ရတာ ခက်ခဲတယ်။ လမ်းကြောင်းခက်ခဲတယ်။ ကျနော်တို့ကလည်း ရန်ပုံငွေ အခက်အခဲကြောင့် များများ သိုလှောင်မထားနိုင်ဘူး။ ဒီလို စိန်ခေါ်မှုတွေတော့ရှိတယ်” ဟု ဆလိုင်းရိုးချင်းက ဆက်ပြောသည်။

၂၀၂၄ ခုနှစ်က CDF – အရှိုတပ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုသည် ၁၀ ဦးဝန်းကျင်သာရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၅ မိုးဦးကာလမှာပင် ရဲဘော် ၂၀ ကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ရဲဘော်များသာမက ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်များကိုလည်း ဆေးဝါးကုသပေးနေရသောကြောင့် ကလေး၊ ကိုယ်ဝန်ဆောင်မိခင်တို့နှင့် ပတ်သက်သည့် ဆေးဝါးများ၊ ဒေသခံတို့အတွက် သားဆက်ခြားပစ္စည်းနှင့် ဆေးဝါးများပါ လိုအပ်ချက်များရှိနေတာကြောင့် ပြည်တွင်းပြည်ပနေ ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ပံ့ပိုးပေးကြရန်လည်း CDF – အရှိုက တိုက်တွန်းထားသည်။

KMG ပေးပို့သည်။