28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းCDF - Asho က အခြေခံပညာ ကျောင်းဆရာ/ဆရာမများကို ခြိမ်းခြောက်ရင် အရေးယူမည်ဟုထုတ်ပြန်

CDF – Asho က အခြေခံပညာ ကျောင်းဆရာ/ဆရာမများကို ခြိမ်းခြောက်ရင် အရေးယူမည်ဟုထုတ်ပြန်

အခြေပညာအဆင့် ကျောင်းဆရာ/ဆရာမများကို ခြိမ်းခြောက်နှောင့်ယှက်ပါက အရေးယူမည့်အကြောင်း Chin Defense Force-Asho က မေ ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

မကွေးတိုင်း၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသ ကျေးရွာများတွင်ရှိသည့် ကျောင်းဆရာ၊ဆရာမများကို ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စများကို ဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်ပါက တားမြစ်အရေးယူမည်ဖြစ်ကြောင်း CDF-Asho က ထုတ်ပြန်ခြင်း ဖြစ်သည်။

CDF-Asho တာဝန်ရှိသူဆလိုင်းရိုးချင်းက “အာဏာသိမ်းတာ လေးနှစ်ကြာတဲ့ကာလရော၊ အာဏာမသိမ်းခင် ကာလတွေမှာကတည်းက ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေတာဖြစ်တဲ့အတွက် ဒါတွေကိုထောက်ရှုတဲ့အတွက် စာသင်ကြားမှုအပိုင်းတွေကို ကျနော်တို့တပ်အနေနဲ့ ဝင်ရောက်နှောင့်ယှက်ခြင်းတွေ၊ လာရောက်စာသင်ကြားတဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ ကျနော်တို့ကိုကြောက်ရွံ့နေစရာမလိုဘူးဆိုတာ အဓိက မက်ဆေ့ချ်ပေးချင်တာ ဖြစ်တယ်” ဟု ပြောသည်။

CDF-Asho ၏ လှုပ်ရှားနယ်မြေနှင့်ထိစပ်နေသည့် ဒေသတွင် ဖွံဖြိုးတိုးတက်မှုနည်းပါးပြီး အာဏာမသိမ်းခင် ကာလကတည်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ဆရာ၊ဆရာမများ လာရောက်မှုခက်ခဲသည့် အားနည်းချက်များရှိနေသည်ဟု ဆိုသည်။

ထို့ပြင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့်ဆုံးရှုံးနေပြီး တိုက်ပွဲများဖြစ်ပွားနေသည့် အကြောင်းပြချက်များကြောင့် ဆရာ/ဆရာမများ လာရောက်သင်ကြားမှုမရှိခြင်း၊ ဆရာ/ဆရာမ လုံလောက်မှုမရှိမှုများကြောင့် ကျောင်းများပိတ်ရသည့်တို့ကို ပြေလျော့စေချင်သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံပညာအဆင့် ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးငယ်များကို စေတနာ၊ ဝါသနာ၊ အနစ်နာ ၃ ချက်ကို ခံယူအလေးထားပြီး လွတ်လပ်စွာပညာသင်ကြားပေးကြရန် CDF-Asho က မေတ္တာရပ်ခံထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။