စစ်တွေမြို့အခြေစိုက် ဒေါ်စောမြရာဇာလင်း ခေါင်းဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင်တချို့ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီးနောက် သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ ကိုကျော်နိုင်ဦးအား လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် တရားစွဲခံလိုက်ရသည်ဟု မိသားစုဝင်များက ပြောသည်။
ALP ခေါင်းဆောင်တချို့ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီးနောက်တွင် ကိုကျော်နိုင်ဦးကို ၎င်းအလုပ်လုပ်ကိုင်ရာ ကားဝပ်ရှော့မှ တဆင့် အမည်မသိ အရပ်ဝတ်လူတချို့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်လကြာ စရဖ စစ်ကြောရေး တွင် စစ်ဆေးခံခဲ့ရပြီးနောက် လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်တရားစွဲခံရခြင်း ဖြစ်သည်။
ကိုကျော်နိုင်ဦးကို ဒုတိယအကြိမ် ရုံးထုတ်ခဲ့စဉ် မြင်တွေခဲ့ရသည့် အခြေအနေကို မိသားစုဝင်တစ်ဦးက “သူက ချုံးချုံးကျကို ပိန်သွားတာပါ။ ဒီလောက် ခန္ဓာဝဝတုတ်တုတ်၊ ဗိုက်ဆွဲဆွဲနဲ့ လူတစ်ယောက်က အရိုးတစ်ချောင်းပဲ ကျန်ခဲ့ပါတယ်” ဟု ပြောသည်။
ကိုကျော်နိုင်ဦးသည် စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ အောင်မင်္ဂလာ ရပ်ကွက်(ဒေသအခေါ် အင်ဘာလာ ရပ်ကွက်) တွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်ပြီး ယင်းရပ်ကွက်ရှိ ကားဝပ်ရှော့တစ်ခုမှ ဝန်ထမ်းတစ်ဦးလည်း ဖြစ်သည်။
၎င်းအား ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် စစ်တွေအခြေစိုက် တပ်ရင်းစစ်ကြောရေးတွင် စစ်ဆေးခဲ့ပြီးနောက် သြဂုတ်လ ၂၄ ရက်နေ့တွင် စရဖက ရဲလက်သို့ အပ်နှံခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ကိုကျော်နိုင်ဦးအား လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အခုလို အမှုဖွင့် တရားစွဲဆိုခဲ့ပြီး လာမည့် စက်တင်ဘာလ ၂၁ ရက်ကို ထပ်မံ ရုံးချိန်းလိုက်သည်ဟု ၎င်း၏မိသားစုဝင်များက ပြောဆိုသည်။
စစ်တွေမြို့၊ မင်းဂံရပ်ကွက် စစ်တွေတက္ကသိုလ်အဆင်းလမ်း ရထားလမ်းအနီးတွင် ဇူလိုင် ၁ ရက်နေ့က ALP ဒုတိယ ဥက္ကဌ ခိုင်နီရောင်၊ ALP/ALA (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင် တို့သည် သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကိုကျော်နိုင်ဦး အပါအဝင် စစ်တွေဒေသခံတချို့ ဖမ်းဆီးခံခဲ့ရသည်။
နိရဉ္စရာ ပေးပို့သည်။