ALP က ဧည့်စာရင်းအကြောင်းပြပြီး စစ်တွေရှိ စစ်ဘေးရှောင်များထံမှ ငွေညှစ်မှုများရှိနေဟုဆို

0
145
ပုံစာ - ၂၀၂၂၊ စက်တင်ဘာနောက်ဆုံးအပတ်က စစ်တွေရုံးချုပ်တွင်ပြုလုပ်ခဲ့သော ALP ရဲဘော်သစ်သင်တန်း ဆင်းပွဲ။ (Photo - ALP)

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများတွင်နေထိုင်သည့် စစ်ဘေးရှောင်များအပေါ် ဧည့်စာရင်းကို အကြောင်းပြကာ ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) တပ်ဖွဲ့ဝင်များက ငွေကြေးတောင်းယူနေကြောင်း ဒေသခံတို့ထံက သိရသည်။

စစ်တွေမြို့၊ ဓညဝတီရပ်ကွက်ရှိ ဓမ္မရာမဘုန်းတော်ကြီးနှင့် စက်ရုံစုရပ်ကွက် (နာဇီရွာ) ရှိ ဘုန်းတော်ကြီးကျောင်း များနှင့် အခြားနေရာတို့တွင် နေထိုင်သည့် စစ်ဘေးရှောင်များထံမှ ဧည့်စာရင်းများကို စစ်ဆေးပြီး မိသားစုတစ်စုမှ ငွေကျပ် ၄ သိန်းမှ ၅ သိန်း အထိ တောင်းယူနေသည်ဟု ဆိုသည်။

“စစ်တွေမှာ ALP တပ်ဖွဲ့ဝင်တွေက လစာမရလို့ ဘုန်းကြီးကျောင်းတွေမှာနေတဲ့ စစ်ဘေးရှောင်တွေဆီက ဧည့်စာရင်းစစ်ပြီးတော့ ငွေတောင်းနေတာတွေရှိတယ်။ မိသားစုတစ်စုက ၄ ၊ ၅ သိန်း အဲဒီလိုတောင်းတယ်။ မပေးနိုင်တဲ့သူတွေဆိုရင် ဖမ်းဆီးတာတွေရှိတယ်လို့ သိရတယ်” ဟု ထိုအခြေအနေကိုသိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများကို AA နှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီထံသို့ အပ်နှံ့လိုက်ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ဘေးရှောင်များမှာ စစ်တွေမြို့နယ်ရှိ ကျေးရွာ (၁၀) ရွာကျော်ကနေ စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်၍ မြို့ထဲသို့ ခေါ်ဆောင်လာသူများဖြစ်ကြောင်း သိရသည်။

ယင်းစစ်ဘေးရှောင်များကို စစ်ကောင်စီက နေရာပေးခြင်း မရှိသည့်အပြင် စားနပ်ရိက္ခာများလည်း ထောက်ပံ့ခြင်း တစုံတရာမရှိသည့်အတွက် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသူများ ဖြစ်ကြသည်။

စစ်ဘေးရှောင်တစ်ဦးက “ကျနော်တို့မှာ အလုပ်အကိုင်လည်း မရှိဘူး။ အိမ်ငှားစရိတ်လည်း မရှိတဲ့အတွက် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရတာ။ အခုလို ဧည့်စာရင်းအကြောင်းပြပြီးတော့ ငွေတောင်းနေတဲ့အတွက် ပိုပြီး အခက်အခဲဖြစ်သွားတာပေါ့။ ရခိုင်အချင်းချင်း ဒီလိုမျိုး မလုပ်သင့်ဘူးလို့ထင်တယ်” ဟု ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ALP ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူး ခိုင်သူရိန်တို့ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ နိုဝင်ဘာလမှစ၍ ALP သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး စစ်တွေမြို့ တွင် အရပ်သားများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ခရီးသွားများနှင့် ကုန်သည်များထံမှ ဆက်ကြေးကောက်ခံခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီက စစ်တွေမြို့ခံများအား ဖမ်းဆီးတရားစွဲဆိုရန်အတွက် ALP က ပူးပေါင်းပါဝင်ဖမ်းဆီးခြင်းအပြင် စစ်ကောင်စီနှင့်ပူးပေါင်းပြီး စစ်ရေးဆောင်ရွက်နေခြင်းတို့အား ပေါ်ပေါ်ထင်ထင် ပြုလုပ်နေသည့်ကို တွေ့မြင်ရ ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here