ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ကွဲမှ ပါတီ ဒု-ဥက္ကဋ္ဌ အပါအဝင် ၃ ဦး မကြာသေးခင်က လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ALP က စစ်တွေဒေသခံတချို့ကို ဖမ်းဆီးထားသည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူ သုံးလေးဦးရှိပြီး ထိုအထဲတွင် မိသားစုနှင့်အတူ စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ အောင်မင်္ဂလာ ရပ်ကွက် (ဒေသအခေါ် အင်ဘာလာရပ်ကွက်) တွင် ရွှေပြည်သစ် ကားဝပ်ရှော့နှင့် ကားအပိုပစ္စည်း အရောင်းဆိုင် ပူးတွဲဖွင့်လှစ် လုပ်ကိုင်နေသူ ကိုကျော်နိုင်ဦး (၃၃) နှစ်လည်း ပါဝင်ကြောင်း မိသားစုဝင်များက ပြောသည်။
တစ်နှစ်ကျော်အရွယ် သမီးငယ်၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်ဦးကို ဇူလိုင်လ ၃ ရက်၊ ညနေပိုင်းတွင် ALP တပ်ဖွဲ့ဝင်တချို့က လည်ဂုတ်ကိုဆွဲပြီး ကားပေါ်တင် ဖမ်းဆီးသွားသည်ဟု အစ်မဖြစ်သူ ဒေါ်မဦးကြည်က ပြောသည်။
ဖမ်းဆီးသွားသည့်နေ့မှ စတင်ပြီး ဇူလိုင်လ ၇ ရက် အထိ မည်သည့်အဆက်အသွယ်မျှ မရရှိသလို ALP ဘက်ကလည်း ဆက်သွယ်အကြောင်းကြားမှုမျိုး မရှိ၍ ပိုစိုးရိမ်နေရခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။
ALP အဖွဲ့ဝင် ၃ ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ကိုကျော်နိုင်ဦး အပါအဝင် စစ်တွေမြို့မှ နောက်ထပ် ဒေသခံ တချို့လည်း ALP ဖမ်းဆီးခံရသည်ဟု ကြားသိရသည်။
ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က သူတို့၏ ခေါင်းဆောင်ပိုင်း ၃ ဦး လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးနေသည်မှာ ဟုတ်မှန်သည်ဟု အတည်ပြုပြောသည်။ သို့သော် ဖမ်းဆီးခံထားရသူများ၏ အသေးစိတ်ကို ပြောပြ၍ မရဟုလည်း ၎င်းက ပြောဆိုသည်။
“ကျနော်ပြောပြလို့ ရနိုင်တာကတော့ ကျနော်တို့ ဒီဟာတွေနဲ့ ပတ်သက်လို့ပြီးတော့ ဆောင်ရွက်မှုတွေ ရှိနေတယ်။ ဒါပဲ ပြောပြနိုင်ပါတယ်” ဟု ဗိုလ်မှူးခိုင်သူရိန်က ပြောသည်။
ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးကို စစ်ကောင်စီ ပြည်ထဲရေးနှင့် ALP တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။
ယင်းအပြင် ဖမ်းဆီးထားသူများ၏ မိသားစုဝင်များကိုလည်း ဆက်သွယ် အကြောင်းကြားထားသည်ဟုလည်း ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က ပြောသည်။
ထိုသို့ပြောဆိုမှုနှင့် ပတ်သတ်ပြီး ကိုကျော်နိုင်ဦး၏ အစ်မဖြစ်သူ ဒေါ်မဦးကြည်က “သူတို့ အလကား လျှောက်ပြောနေတာ။ ဆက်သွယ်လာတာ မရှိဘူး” ဟု ပြောသည်။
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ALP ရုံးထံ သွားရောက်စုံစမ်းမည် ဆိုသည်မှာလည်း ရခိုင်အချင်းချင်း ကြောက်နေရ၍ မသွားရဲသေးဟု ၎င်းက ပြောသည်။
ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ALP က ယခုဖမ်းဆီးထားသူများကို ၂၄ နာရီထက် ကျော်လွန်၍ ရဲတပ်ဖွဲ့ (သို့မဟုတ်) တရားရုံးသို့ မပို့ဘဲ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားပါက လက်ရှိ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောသည်။
“တရားစွဲမလား၊ သို့တည်းမဟုတ် ရဲကို ပို့မလား၊ ရဲကိုလည်း မပို့ဘဲ သူတို့ အချုပ်ခန်းထဲမှာ နေပြီးတော့ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုရင် ဒါကတော့ မတရား ဖမ်းဆီးချုပ်နှောင်မှု ဖြစ်သလို လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့လည်း ကိုက်ညီမှုမရှိသလို ဒါက လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောလို့ရတယ်” ဟု ဦးမြတ်ထွန်းက ဆိုသည်။
ဒေါ်စောမြရာဇာလင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ALP ပါတီအဖွဲ့ကွဲမှ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင် အပါအဝင် ၆ ဦး သည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်၊ နေ့လယ် ၁ နာရီခန့်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ဒေါ်စောမြရာဇာလင်း၏ နေအိမ်မှ အနက်ရောင်အိမ်စီးကားတစ်စီးဖြင့်အပြန် စစ်တွေတက္ကသိုလ်နှင့် ရထားသံလမ်းအနီးသို့အရောက်တွင် အမည်မသိ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရသည်။
ယင်းသို့ ပစ်ခတ်ခံခဲ့ရ၍ ALP ပါတီ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁ဝ၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့မှာ ပွဲချင်းပြီး သေဆုံးသွားပြီး ကားပေါ်ပါလာသည့် တပ်ဖွဲ့ဝင် ၃ ဦးမှာလည်း လက်နှင့်ပေါင်တို့တွင် သေနတ်ဒဏ်ရာများ ရရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကိုကျော်နိုင်ဦးအပါအဝင် စစ်တွေဒေသခံတချို့ကို ALP က ဖမ်းဆီးပြီး စစ်ကောင်စီ ပြည်ထဲရေးဌာနနှင့်အတူ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။