ALP ဖမ်းဆီးထားသည့် စစ်တွေဒေသခံနှစ်ဦး တစ်ပတ်ကြာမြင့်သည့်တိုင် အဆက်အသွယ်မရသေး

0
327
ပုံစာ - စစ်တွေမြို့အဝင် ဆိုင်းဘုတ်အား ၂၀၂၃ မေလ ၁၂ ရက်က တွေ့ရစဉ်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ ဒေသခံအမျိုးသားနှစ်ဦးကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဖမ်းဆီးထားသည်မှာ လက်ရှိတွင် တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၆ အရွယ် ကိုကျော်နိုင်စိုးနှင့် အသက် ၃၀ အရွယ် ကိုကျော်စိုးတို့ ဖြစ်ပြီး ဇွန်လ ၁၇ ရက် ည ၁၁ နာရီက ၎င်းတို့ နေအိမ်အတွင်း၌ရှိနေစဉ် အရပ်ဝတ်နှင့် လက်နက်အပြည့်အစုံ ကိုင်ဆောင် ထားသည့် ALP တပ်ဖွဲ့ဝင် ၁၀ ဦးက လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။

“ဘာကြောင့် ဖမ်းတယ်ဆိုတာကိုလည်း မပြောဘူး။ အကြောင်းရှိလို့ ဖမ်းတယ်လို့ပဲ ပြောသွားပါတယ်။ အိမ်ရှေ့မှာ ပြားပြားဝပ်ခိုင်း သေးတယ်။ သေနတ်ဘောင်နဲ့လည်း ထုရိုက်တယ်” ဟု ဖမ်းဆီးခံထားရသူ ကိုကျော်နိုင်စိုး၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ကိုကျော်နိုင်စိုးသည် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာ ဇာတိဖြစ်ပြီး စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ပြောင်းရွှေ့နေထိုင်နေသည်မှာ ၃ လကျော် ရှိပြီး သစ်ထမ်းသည့်အလုပ်ကို လုပ်ကိုင်သူ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

အလားတူ ကိုကျော်စိုးကိုလည်း ဇွန်လ ၁၇ ရက် ညဉ့်အချိန်က နေအိမ်အတွင်းရှိနေစဉ်မှာ ALP တပ်ဖွဲ့ဝင်များက အကြောင်းပြချက်မပေးဘဲ ဝင်ရောက်ဖမ်းဆီးသွားကြောင်းနှင့် အမျိုးသားဖြစ်သူကို ဖမ်းဆီးမှုအပေါ် လိုက်လံ တားဆီးသည့်အတွက် ရိုက်နှက်၊ ခြိမ်းခြောက်ခံခဲ့ရသည်ဟု ကိုကျော်စိုး၏ဇနီး ဒေါ်မိုးခိုင်က ပြောသည်။

“ကျမယောကျာ်းမှာ ဘာအပြစ်ရှိလို့လည်း မေးတော့ နင်စကားမများနဲ့ ဆိုပြီး ကျမပါးကို တစ်ချက် ရိုက်တယ်။ ကျမယောကျာ်းကိုလည်း သေနတ်နဲ့ကျမရှေ့မှာ ထုထောင်းတယ်။ သွေးတွေထွက်လို့ ကျမ သူ့ကို လိုက်ဆွဲတဲ့ အချိန်မှာ ကျမကို ဓားကိုင်ထားတဲ့ တစ်ယောက်က လိုက်ထိုးတယ်။ ကျမ နောက်ဆုတ်လိုက်တဲ့အတွက် နည်းနည်းပဲ ထိသွားတယ်” ဟု ဒေါ်မိုးခိုင်က ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ကိုကျော်စိုးသည် စစ်တွေမြို့တွင်း ဘေးတွဲဆိုင်ကယ်မောင်းနှင် လုပ်ကိုင်စားသောက်သူဖြစ်ပြီး မည့်သည့်အဖွဲ့အစည်းနှင့် ဆက်စပ်မှုမရှိကြောင်း ဇနီးဖြစ်သူက ဆက်ပြောသည်။

ယင်းသို့ ကိုကျော်နိုင်စိုးနှင့် ကိုကျော်စိုးတို့ နှစ်ဦးကို ALP က ဖမ်းဆီးထားကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါ။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင်လည်း စစ်တွေမြို့ မောလိပ်အထက (ခွဲ) တွင် ပညာသင်ယူနေသည့် Grade – 11 ကျောင်းသားတစ်ဦးကို ALP က ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ၁၈ ရက် အကြာတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here