AA သံသယဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်ဒေသခံတချို့ ပြန်လွတ်လာ

0
321
ပုံစာ - ဩဂုတ် ၂ ရက်နေ့က စစ်တွေအကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေသူတချို့။

စစ်ကောင်စီ၏ ပြစ်ဒဏ်လျှော့ပေါ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟု အကြောင်းပြ ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇ (၁)(၂) တို့ဖြင့် တရားရင်ဆိုင် နေရသည့် ရခိုင်ဒေသခံတချို့ ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ – ၄၁၉ အရ တရားရုံးအသီးသီးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ကာ တရားရင်ဆိုင်နေရသူ ၇၂ ဦး၏ အမှုများကို ပိတ်သိမ်းပြီး အမှုမှလွှတ်ပေးရန် စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇(၁) (၂)တို့ ဖြင့် တရားရင်ဆိုင် နေရသည့် ကိုကျော်ဟိန်းနှင့် ဦးမောင်စောသာတို့ ဩဂုတ်လ ၂ ရက် တွင် ပြန်လွတ်လာကြောင်း မိသားစုဝင်များက အတည်ပြုပြောဆိုသည်။

ကိုကျော်ဟိန်း၏ဇနီးဖြစ်သူ မအေးသန်းက “ကျမ အမျိုးသားနဲ့အတူ အမှုရင်ဆိုင်နေရတဲ့ ဦးမောင်စောသာလည်း ဒီနေ့ လွတ်လာပါတယ်။ နှစ်ယောက်စလုံး လွတ်တာပါ” ဟု ဆိုသည်။

ကိုကျော်ဟိန်းမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ မဟာကံကြီးသျှင် စစ်ဘေးရှောင် စခန်းရှိ လူနာတစ်ဦးအား ဆေးကုသရန်သွားစဉ် လမ်းခုလတ်တွင် မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇(၁)(၂) ဖြင့် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

အလားတူ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာမှာလည်း ၂၀၂၂ ခုနှစ် ဩဂုတ်လ အတွင်းက ခရီးသည်နှစ်ဦးအား မဟာမြတ်မုနိဘုရားသို့ နှစ်ဘီးဆိုင်ကယ်ဖြင့် သွားပို့စဉ် ဖမ်းဆီးတရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

လတ်တလော စုံစမ်းချက်အရ ကျောက်တော်ဒေသခံ ၂ ဦး အပါအဝင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇(၁)(၂) ဖြင့် တရားရင်ဆိုင်နေရသည့် သံတွဲမြို့မှ ကိုစန်းကို အပါအဝင် ၁၆ ဦး၊ စစ်တွေမြို့မှ ၁၁ ဦး၊ ဘူးသီးတောင်မှ ၁၄ ဦး တို့လည်း လွတ်ရန်ရှိကြောင်း သိရသည်။

ကိုစန်းကို၏ မိတ်ဆွေ သံတွဲမြို့ခံတစ်ဦးက “ ကိုစန်းကို အပါအဝင် မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ၁၆ ယောက်စလုံး ဒီနေ့ သံတွဲအကျဉ်းထောင်ကနေ ညနေ ၅ နာရီကျော်က လွတ်လာပြီဗျာ” ဟု ပြောသည်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇(၁) (၂) ဖြင့် တရားရင်ဆိုင်နေရသည့် မောင်တောမြို့နယ်၊ မင်္ဂလာညွန့်ကျေးရွာမှ ကိုခင်ဇော်လည်း ယနေ့လွတ်မည်ဟု အကြောင်းကြားလာကြောင်း ၎င်း၏အစ်မဖြစ်သူ မနုယဉ်သန်းက ပြောသည်။

“ကျမ မောင်လေး ဒီနေ့လွတ်လာမယ် ဆိုပြီးတော့ အကြောင်းကြားလာတဲ့အတွက် အခု ဘူးသီးတောင် ထောင်ရှေ့ကို ရောက်နေပါတယ်။ အခုအချိန်ထိတော့ မလွတ်ပေးသေးဘူး။ စောင့်ဆိုင်းနေတုန်းပါ” ဟု မနုယဉ်သန်းက ပြောဆိုသည်။

ဩဂုတ်လ ၂ ရက်နေ့က စစ်တွေအကျဉ်းထောင်ရှေ့တွင်လည်း လွတ်/ငြိမ်းခွင့်တွင် ပါဝင်သူများကို မိသားစုဝင်များက စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

“ဒီနေ့ လွတ်လာမယ်ဆိုပြီးတော့ ကျနော်တို့ကို ဆက်သွယ်ထားတော့ လာစောင့်နေတာပါ။ တရားရုံးမှာ စစ်ဆေးပြီးပြီလို့တော့ ကျနော်သွားကြည့်တုန်းက သိရတယ်။ ဒါပေမယ့် လွတ်လာတာတော့ မရှိသေးဘူး” ဟု ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ မိသားစုဝင်တစ်ဦးက ပြောသည်။

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား/သူ စုစုပေါင်း ၇၇၄၉ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး၊ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီသည် ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here