AA ဆက်စပ်သံသယဖြင့် အမ်းမှကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို ထောင် ၂ နှစ်ချမှတ်

0
217
ပုံစာ - အမ်းမှကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို AA ဆက်စပ်သံသယဖြင့် ထောင် ၂ နှစ်ချ။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ အမ်းမြို့နယ်၊ လုံးကောက်ကျေးရွာအုပ်စု၊ ညောင်ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်တင်မြင့်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်၊ နေ့လယ်ပိုင်းက မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် အမ်းမြို့နယ်တရားရုံး၌ ထောင်ဒဏ်ချမှတ် ခံလိုက်ရခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “၁၇ (၁) နဲ့ ဖမ်းထားတာ တစ်နှစ်လောက်ရှိပြီ။ အဲ့ဒါကို အမိန့်ချခဲ့တာ” ဟု ပြောသည်။

ဦးအောင်တင်မြင့်သည် NLD အစိုးရ လက်ထက်တွင် အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး မလုပ်တော့ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ရွာမှ တဆင့် အမ်းမြို့သို့ သွားစဉ် တစ်မိုင်ကုန်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးက ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၁ ရက် ကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကျေးရွာမှ ဦးဘသိန်း(၅၇) နှစ်နှင့် စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ် (ခေါ်) မောင်မောင်ခင် (၅ဝ) နှစ် တို့ကို မြို့နယ်တရားရုံးက AA နှင့် ဆက်စပ်သည်ဟု ဆိုပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅ (က) ဖြင့် ထောင် ၂ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသည်။

၎င်းတို့ နှစ်ဦးသည်လည်း ရခိုင် တကျော့ပြန်တိုက်ပွဲကာလ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လအတွင်း စစ်ကောင်စီတပ် ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ရခိုင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ် ရပ်စဲထားချိန် ယခုလိုထောင်ဒဏ် ချမှတ်ခြင်းသည် စစ်ကောင်စီ အနေဖြင့် ရခိုင်ပြည်အတွင်း ငြိမ်းချမ်းမှုကို မလိုလားသောကြောင့် ဖြစ်သည်ဟု ရခိုင်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ULA/AA နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေ၊ နောက်ထပ် ULA/AA နဲ့ပက်သက်ပြီး ဒေသခံတွေကို ဖမ်းဆီးလာမှုတွေ၊ ရခိုင်လူထုကို စစ်ကောင်စီက ခြိမ်းခြောက်နေမှုဟာ သူတို့ကိုယ်တိုင်က ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးကို မလိုလားဘူးလို့ အရိပ်ယောင် ပြလိုက်သလိုပါပဲ” ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တကျော့ပြန်ကာလအတွင်း AA နှင့် ဆက်စပ်သည်ဟုဆိုပြီး ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသူ ကျောက်တော်မြို့နယ်တွင် ၇ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၂ ဦးနှင့် ဘူးသီးတောင် မြို့နယ်တွင် ၂ ဦး ရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိလည်း ရခိုင်တွင် AA နှင့် ဆက်စပ်သံသယဖြင့် တရားစွဲဖမ်းဆီးခံထားရသူ စုစုပေါင်း ၁ဝဝ ကျော် အထိ ရှိနေသေးသည်ဟုလည်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့စာရင်းအရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here