ရခိုင်ပြည်၊ မောင်တောတိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့ကြသည့် မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော် (AA) က မောင်တောမြို့ပေါ်ရှိ ၎င်းတို့၏နေအိမ်များသို့ ပြန်လည်နေထိုင်ခွင့် ပြုပေးလိုက်ပြီဟု သတင်းရရှိသည်။
စစ်ဘေးရှောင် ဒေသခံမွတ်ဆလင်တစ်ဦးက “ဧပြီလ ၇ ရက်နေ့မှာ ရပ်ကွက် (၁) နဲ့ ရပ်ကွက် (၄) ကို ဝင်ရောက်ခွင်ပြုခဲ့ကြတယ်။ ၈ ရက်နေ့မှာ ရပ်ကွက်(၂) ဝင်ခွင့်ရခဲ့ကြတယ်။ လက်ရှိမှာ စည်ကားလာနေတယ်။ လွတ်လပ်စွာ သွားလာလို့လည်း ရကြပါတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်နေချိန်ကာလအတွင်း နေအိမ်များဖောက်ထွင်းခံရမူများ ရှိခဲ့ပါက ပျောက်ဆုံးပစ္စည်းစာရင်း များနှင့်အတူ အာရက္ခပြည်သူတော်လှန်ရေးအစိုးရထံ တိုင်တန်းရန် မှာကြားလိုက်ကြောင်း လှဖိုးခေါင်း ယာယီဒုက္ခသည်စခန်းမှ နေအိမ်ပြန်ခွင့်ရသူ မွတ်ဆလင်လူကြီးတစ်ဦးက ပြောဆိုသည်။
“နေအိမ်တွေ ဖောက်ခံထားရသူတွေရှိရင် ပျောက်ဆုံးပစ္စည်းစာရင်းတွေ ပြုစုပြီး AA ထံ တိုင်ကြားပေးကြဖို့ တာဝန်ရှိသူတွေ မှာကြားလိုက်ကြတယ်” ဟု ၎င်းက ပြောဆိုသည်။
မောင်တောမြို့ပေါ်က မွတ်ဆလင်စစ်ဘေးရှောင်အများစုသည် လှဖိုးခေါင်တွင် စစ်ဘေးရှောင်များအဖြစ် ယာယီခိုလှုံခဲ့ကြရပြီး ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်နေ့မှစပြီး အသုတ်လိုက် နေရပ်ပြန်ရန် အတွက် အာရက္ခတပ်တော် AA က ခွင့်ပြုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“မိသားစုအလိုက်အိ မ်ထောင်စုစာရင်းတွေ ထုတ်ပေးထားသလို သယ်ယူပို့ဆောင်ရေးအတွက်လည်း ဒေသခံမွတ်ဆလင် ရပ်မိရပ်ဖတွေနဲ့ AA စစ်ဒေသမှူးတို့က အတူတကွပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါတယ်။ အခု AA တာဝန်ရှိသူတွေက ကျွန်တော်တို့အပေါ်မှာ ဆက်ဆံရေးကောင်းမွန်သလို လိုအပ်တာတွေ ကူညီနေတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။
မောင်တောမြို့အတွင်း တိုက်ပွဲကာလ၌ မြို့ဒေသခံများ စစ်ဘေးရှောင်နေခဲ့ကြရစဥ် ဖောက်ထွင်းခိုးယူမူ ကျူးလွန်သူ ဒေသခံ ၁၀၀ ကျော်အား အာရက္ခတပ်တော် AA uae ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ်အသီးသီး ချမှတ်ထားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
နိရဉ္စရာ ပေးပို့သည်။