ရက္ခိုင့်တပ်တော် (AA) ၏ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် ၃ မှ လေ့ကျင့်ရေး သင်တန်းသူ သင်တန်းသား ၃ဝဝ ကျော် ကို အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကို ရခိုင်တွင် ပထမဆုံး အကြိမ် ပြုလုပ်နိုင်ခဲ့သည်ဟု AA က ဇူလိုင် ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် ၃ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် မှစ၍ သင်တန်းသူသင်တန်းသား ၃၂၆ ဦး ဖြင့် ရက္ခိုင်ပြည်တွင် စတင် ဖွင့်လှစ်ခဲ့ပြီးနောက် အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု AA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အနာဂတ်ရက္ခိုင့်တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး စသည့် ရည်မှန်းချက် များကို တပ်တော်တည်ထောင်ပြီး စကတည်းကပင် အစဉ်တစိုက် လုပ်ဆောင်လာခဲ့ကြောင်းနှင့် အရာရှိလောင်းများ ထွက်ပေါ်လာရေး ကဏ္ဍကို အခွင့်ရလျှင်ရသလို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက် လျက်ရှိပါသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော် အရာရှိလောင်း လေ့ကျင့်ရေး သင်တန်းကျောင်းကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်တွင် သင်တန်းသူ၊ သင်တန်းသား ၁၃၈ ဦး ဖြင့် ကချင်ပြည်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်းနှင့် သင်တန်း အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) တို့ကို မဟာမိတ်ကချင်ပြည်တွင် လေ့ကျင့်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်စဉ် (၃) ကို ရခိုင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရက္ခိုင့်တပ်တော်၊ အရာရှိဖြစ် သင်တန်းအမှတ်စဉ် (၄) ကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ၊ ပြည်သားများအား အသိပေးသွားမည်ဟု AA က သတင်းထုတ်ပြန်ထားသည်။
နိရဉ္စရာ ပေးပို့သည်။