AA သံသယဖြင့် ဖမ်းဆီးခံထားရသည့် ချင်း ခရစ်ယာန်ဆရာတစ်ဦး၊ ဒိုင်းနက်နှင့် မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုများ တောင်းဆို

0
310
ပုံစာ -AA သံသယဖြင့် ဖမ်းဆီးခံထားရသည့် ချင်းခရစ်ယာန်ဆရာ၊ ဒိုင်းနက်နှင့်မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး။

စစ်ကောင်စီမှ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲဆို ခံနေရသူများထဲမှ ချင်းအမျိုးသား သိက္ခာတော်ရခရစ်ယာန် ဆရာတစ်ဦး၊ ဒိုင်းနက်နှင့် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး တို့ကို အမြန်ဆုံးလွှတ်ပေးရန် မိသားစုများက တောင်းဆိုလိုက်သည်။

အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာမှ ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံနေရသူ ချင်းအမျိုးသား သိက္ခာတော်ရ ခရစ်ယာန်ဆရာ ဦးအောင်ဆန်း၏ မိသားစုဝင်တစ်ဦးက “ သူက အခု လွတ်ငြိမ်းချမ်းသာအထဲမှာလည်း မပါတော့ အမေတစ်ယောက်က လုံးဝအိမ်ယာထဲ ဘုန်းဘုန်းလဲနေပါတယ်။ ကျနော်တို့လည်း စိတ်မကောင်း ဖြစ်နေပါတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ဦးအောင်ဆန်းမှာ အမ်းမြို့နယ်မှ AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံရသူ ၆ ဦး အနက် ပထမဆုံး ဖမ်းဆီး ခံခဲ့ရသူဖြစ်ပြီး ၎င်းသည် အမ်းမြို့နယ်ရှိ သုခမြန်မာအသင်းတော်မှ သိက္ခာတော်ရ ခရစ်ယာန်ဆရာတစ်ဦး ဖြစ်သလို ချင်းအမျိုးသား အရပ်ဆေးဆရာတစ်ဦးလည်း ဖြစ်သည်။

ဦးအောင်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးပြီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ၎င်းမှာ ဓမ္မအမှုတော်ဆောင်တစ်ဦး ဖြစ်သလို နိုင်ငံရေးနှင့်လည်း ပတ်သက်မှု မရှိ၍ အမြန်ဆုံး ပြန်လွှတ်ပေးရန် အသင်းတော်ကလည်း တောင်းဆိုထားသည်။

အမ်းတွင် ဦးအောင်ဆန်း အပါအဝင် AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံခဲ့ရသူ ၆ ဦး အနက် ဦးအောင်ဆန်းမှ အပ ကျန် ၅ ဦးမှာ သြဂုတ် ၁ ရက်က စစ်ကောင်စီ၏လွတ်ငြိမ်းခွင့် အမိန့်ထဲ၌ ပါဝင်သွား၍ လွတ်မြောက်သွားကြပြီဟု လွတ်မြောက်လာကြသူများနှင့် နီးစပ်သူတို့က ပြောဆိုသည်။

အလားတူ AA နှင့် ဆက်စပ်သံသယဖြင့် ပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) တို့ဖြင့် စွဲချက်တင်ခံထားရသည့် ဘူးသီးတောင် မြို့နယ်မှ တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးကျော်လှ (၆၆) နှစ်၏ သားဖြစ်သူက “ကိုယ့်အဖေတစ်ယောက်တည်းကိုပဲ လွတ်စေချင်တာ မဟုတ်ဘူး။ ရခိုင်ပြည်ထဲမှာ ကိုယ့်ရခိုင်သူ၊ ရခိုင်သားတွေ အားလုံး လွတ်မြောက်အောင် အမြန်ဆုံး လွတ်စေချင်ပါတယ်” ဟု ပြောသည်။

ဦးဦးကျော်လှသည် ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေး မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်း (၆ဝ) နှစ် နှင့်အတူ ပုဒ်မ ၂ ခု ဖြင့် မြို့နယ်တရားရုံးတွင် စွဲချက်တင်ခံထားရသူ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာ ၃ ရက် က ဘူးသီးတောင်မြို့နယ် အခြေစိုက် (၂၃၄) ဗျူဟာက ခေါ်ယူမှုကြောင့် သွားရောက်စဉ် (၂၃၄) ဗျူဟာအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးကို AA အား ထောက်ပံ့ကြေး ကောက်ခံပေးဆောင်သည်ဟုဆိုပြီး ဘူးသီးတောင် စစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလိုလုပ်၍ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခဲ့သည်။

စတင် တရားစွဲဆိုခဲ့ချိန်က ပုဒ်မ ၁၇ (၁) ဖြင့်သာ စွဲဆိုခဲ့သော်လည်း စွဲချက်တင်သည့်အခါ ပုဒ်မ ၁၇(၂) ပါ ပူးတွဲပါဝင် ခဲ့သည်ဟု မိသားစုဝင်များက ပြောဆိုသည်။ သူတို့နှစ်ဦး၏ လာမည့် ရုံးချိန်းကို သြဂုတ်လ ၈ ရက်တွင် ခေါ်ယူထားသည်ဟုလည်း သိရသည်။

လွတ်မြောက်ခြင်း မရှိသေးသည့် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲ ခံထားရသူ ရခိုင်ပြည်သူ ၁ဝဝ ကျော် ထဲတွင် ကျောက်တော်မြို့မှ ဦးဇော်ဝင်း ကဲ့သို့သော လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ပညာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်သည်ဟု ရခိုင်လူ့အခွင့်အရေးအဖွဲ့များထံက သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here