26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းAA သိမ်းထားသည့် ပြိုင်းစေ့ကေအပါအဝင် ကျောက်ဖြူကနေရာတချို့ကို စစ်ကောင်စီတပ် ပြန်ထိုးစစ်ဆင်နေ

AA သိမ်းထားသည့် ပြိုင်းစေ့ကေအပါအဝင် ကျောက်ဖြူကနေရာတချို့ကို စစ်ကောင်စီတပ် ပြန်ထိုးစစ်ဆင်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) သိမ်းယူထားသည့် ပြိုင်းစေ့ကေအပါအဝင် နေရာတချို့ကို အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရှိရသည်။

ULA/AA နှင့် နီးစပ်သူတစ်ဦးက “ပြိုင်းစေ့ကေကို အဓိကအင်အားဖြည့်တာက အမှတ် (၃၂) ရဲတပ်ရင်းက တဆင့် အင်အားဖြည့်တာ။ စစ်ကောင်စီတွေက သေတာတွေ၊ လက်နက်ချတာတွေ တစ်ပုံကြီး။ ဒါပေမယ့် ၃၂ ရဲတပ်ရင်းကနေ အင်အားတွေ ထပ်ပို့၊ ထပ်လွှတ်တယ်။ ပြန်တိုက်တယ်။ ပြိုင်းစေ့ကေ့တစ်ခုလုံးရဲ့ မြေပြင်ကို AA က မရသေးဘူး။ စစ်ကောင်စီနဲ့အလုံးအရင်း သူတပြန်ကိုယ်တပြန် တိုက်နေတုန်းပဲရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ပြိုင်းစေ့ကေအပါအဝင် ရဲတပ်ရင်းကို အကျမခံဘဲ အင်အားအများအပြား ဖြည့်တင်းကာ ဆက်လက်တိုက်ခိုက်နေသည်ဟု ၎င်းကပြောဆိုသည်။

“ရဲတပ်ရင်းကျရင် စိုးမိုးကုန်းတစ်ခုလုံး AA လက်ထဲရောက်ပြီ။ ဒီတော့ စစ်ကောင်စီက ရှိတဲ့အင်အားကို အကုန်သုံးပြီး အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ။ ရဲတပ်ရင်း လုံးဝပြိုလဲမခံတဲ့ သဘောမျိုးပေါ့။ တိုက်တိုင်းရှုံးပေမယ့် ပြန်တိုက်တယ်။ အပြင်းအထန်တော့ ဖြစ်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

အာရက္ခတပ်တော် AA သည် အပစ်ရပ်စဲထားသည့် ကာလအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်နား ထားသော်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် AA ထိန်းချုပ်ထားသည့် နယ်မြေများအားပစ်ခတ်ခြင်း၊ လေယာဉ်၊ ဒရုန်းများဖြင့် နေ့ညအချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်မှ စစ်ကြောင်းထိုးပြီး တိုက်ခိုက်မှုများ ပြုလုပ်လာသဖြင့် ပြန်လည်တိုက်ခိုက်ရာကနေ ကျောက်ဖြူတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်လာရခြင်းဟု စစ်မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ကျောက်ဖြူမြို့နယ်၊ မလကျွန်းရွာတွင်လည်း စစ်ကောင်စီမှ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ်ပစ်ခတ်နေသည်ဟု မြေပြင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မလကျွန်းရွာကို အဓိက OGT ကနေ အင်အားလွှတ်တယ်။ အဲ့ဒီကနေ မလကျွန်းရွာကို ပို့တယ်။ ပြီးတော့ AA သိမ်းထားတဲ့ နေရာတချို့ကို စစ်ကြောင်းထိုးတယ်။ တိုက်ပွဲက နေပူရင် ပိုပြင်းတယ်။ လက်နက်ကြီးနဲ့ နေပူမိုးရွာလည်းပစ်တယ်” ဟု ၎င်းက ပြောသည်။

သစ်ပုတ်တောင်၊ ဓညဝတီ ရေတပ်ဌာနချုပ်မှ အဓိကစစ်ကူပေးထားသည့် ကပ်သပြေအနီးအနားတွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် မြို့အနီးအနားအထိ လက်နက်ကျည်များ ကျရောက်မှုကြောင့် စစ်ကူအတွက် အဓိက အချက်အခြာကျသည့် ကျောက်ဖြူလေဆိပ်နှင့် နောက်ထပ်နေရာအချို့ကို ဇွန်လ ၁၆ ရက်နေ့က စစ်အင်အားများ ရာနှင့်ချီ ဖြည့်တင်းပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိနာပြီး လက်နက်ချအလင်းဝင်လာမှု၊ ထွက်ပြေးရာမှ AA ထံ ဖမ်းဆီးခံရမှုများရှိနေပြီး လက်ရှိအချိန်ထိ စစ်သုံ့ပန်း (၂၀၀) ကျော်ခန့်အထိ ရှိလာနေပြီဟု သိရသည်။

ကျောက်ဖြူမြို့နယ်တွင် မြို့ပေါ်ဧရိယာအနည်းငယ်နှင့် တပ်စခန်းရှိသော နေရာများမှအပ မြို့နယ်တစ်ခုလုံး၏ ကျန်ကျေးရွာအုပ်စု အများအပြားကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး နောက်ဆုံး ကျောက်ဖြူမြို့ကို ကာကွယ်ထားသည့် အမှတ် (၃၂) ရဲတပ်ရင်းအနီးနှင့် ရခိုင်ပြည်တွင် အကြီးဆုံး ရေတပ်ဌာနချုပ်ဖြစ်သည့် ဓည၀တီရေတပ်ဌာနချုပ်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။