27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းAA ပစ်ခတ်သည့် လက်နက်ကြီးတချို့ စစ်ကောင်စီတပ်ရင်းတချို့နှင့် ကျောက်ဖြူလေဆိပ်အနီးပါ ကျရောက်ပေါက်ကွဲ

AA ပစ်ခတ်သည့် လက်နက်ကြီးတချို့ စစ်ကောင်စီတပ်ရင်းတချို့နှင့် ကျောက်ဖြူလေဆိပ်အနီးပါ ကျရောက်ပေါက်ကွဲ

ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေသည့် ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော် (AA) က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့ စစ်ကောင်စီတပ်ရင်းတချို့အပါအဝင် စရဖရုံးနှင့် လေဆိပ်အနီး ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တို့ထံက သိရသည်။

ကျောက်ဖြူမြို့ရှိ စစ်ကောင်စီ တပ်ရင်းများဖြစ်သည့် ခမရ (၅၄၂)၊ ခမရ (၅၄၃) နှင့် ခလရ (၃၄) စသည့် တပ်ရင်းများတွင် AA က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုရှိသည်ဟု ဒေသခံ အမျိုးသားတစ်ယောက်က ပြောသည်။

“အခုတလော ခမရ (၅၄၃)၊ (၅၄၂) နဲ့ တပ်ရင်းတချို့မှာ လက်နက်ကျရောက်မှုတွေ ရှိနေတယ်။ လူအထိအခိုက်ရှိသံတော့ မကြားဘူး။ အဆောင်တွေ ပျက်စီးတာရှိတယ်။ ခမရ (၅၄၂) မှာက လူသိပ်မရှိဘူး။ ၅၄၃ နဲ့ ခလရ ၃၄ တို့၊ ရဲတပ်ရင်းတို့၊ ကျောက်တလုံးဂိတ်တွေမှာက စစ်ကောင်စီစစ်သားတွေ အများကြီးရှိနေသေးတယ်” ဟု ၎င်းကပြောသည်။

ဇွန်လ ၁၅ ရက်ကလည်း AA ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့ ကျောက်ဖြူလေဆိပ်အပါအဝင် လေဆိပ်နှက့် ကပ်နေသည့် ခလရ ၃၄ တပ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ယင်းအပြင် ကျောက်ဖြူမြို့နားက စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးအနီးအနားလည်း လက်နက်ကြီး ကျရောက်မှုရှိခဲ့ကြောင်း ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ယောက်က ပြောသည်။

“မနေ့က စရဖရဲရုံးအနားမှာလည်း ကျည်ကျတယ်။ ဒါပေမယ့် မပေါက်ကွဲခဲ့လို့ လူအထိအခိုက်မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲမှာ အပြင်းထန်ဆုံးအနေအထားရောက်ရှိနေပြီး စစ်ကောင်စီက ကျောက်ဖြူမြို့ မကျစေရေးအတွက် နေရာအနှံ့အပြားတွင် အင်အားဖြန့်ကြက်ကာ AA ကို ထိုးစစ်ဆင်၍ ဒရုန်း၊ နေဗီ၊ လက်နက်မျိုးစုံတို့ဖြင့် တိုက်ခိုက်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။