AA နှင့် တရုတ်တို့ ထိန်ချုံးမြို့တွင် ဒီဇင်ဘာလဆန်းက တွေ့ဆုံခဲ့သည်ဟု သတင်းများထွက်ပေါ်

0
116

ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ယခုဒီဇင်ဘာလဆန်းပိုင်း၌ တရုတ်နိုင်ငံ ထိန်ချုံးမြို့တွင် အာရက္ခတပ်တော် (AA) တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ တာဝန်ရှိသူတို့အကြား တွေ့ဆုံခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာသည်။

VOA သတင်းဌာန၏ ဒီဇင်ဘာ ၁၄ ရက်နေ့ သတင်းတွင်လည်း အာရက္ခတပ်တော် (AA) တာဝန်ရှိသူများနှင့် တရုတ်တာဝန်ရှိသူတို့ တရုတ်နိုင်ငံ ထိန်ချုံးမြို့တွင် ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ဆုံခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုသို့ တွေဆုံရာတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တိုက်ပွဲများရပ်စဲရေးနှင့် တရုတ်စီမံကိန်းများ လုံခြုံရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပုံရသည်ဟု အမည်မဖော်လိုသည့် တရုတ်အရေးကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်။

ယခုတွေ့ဆုံပွဲသည် တရုတ်စီမံကိန်းကြီးများ တည်ရှိသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့သို့ တရုတ်နိုင်ငံသား လုံခြုံရေးတပ်ဖွဲ့များကို စေလွတ်ရန် သတင်းများထွက်ပေါ်နေချိန်နှင့်လည်း တိုက်ဆိုင်လျက် ရှိနေသည်။

တရုတ် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်နှင့်ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရာတွင် တစုံတရာ တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။

ထိုသို့တွေ့ဆုံမှုနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က “AA က ရခိုင်ပြည် တစ်ပြည်လုံးကို သိမ်းပိုက်ရရှိတော့မယ့် အနေအထားရောက်နေပြီ။ ရခိုင်မှာလည်း အထူးသဖြင့် တရုတ်ရဲ့ ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေရှိနေတယ်။ အဲဒီတော့ ရခိုင်ကို လက်လှမ်းမမီဘူးဆိုပြီး လွှတ်ထားလို့မရဘူး၊ ရခိုင်မှာ ရှိထားတဲ့ ရင်းနှီးမြှပ်နှံမှုတွေနဲ့ပတ်သက်လို့ AA ဟာ ဘယ်လိုသဘောထားရှိတယ်ဆိုတာ တရုတ်ကသိချင်တာပေါ့ဗျာ။ အဲ့ဒါကြောင့် ညီနောင် ၃ ဖွဲ့ထဲမှာ ရခိုင်ကို ချန်မထားဘဲနဲ့ AA ကို ခေါ်တွေ့တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

တရုတ်၏ အကျိုးစီးပွားများသည် ရခိုင်တွင် အများအပြားတည်ရှိနေပြီး စစ်ကောင်စီနှင့်ပြုလုပ်သည့် လုံခြုံရေးစာချုပ်နှင့်ပတ်သက်ပြီး အာရက္ခတပ်တော် မပါလျှင်မရသည့်အနေအထားသို့လည်း ရောက်ရှိနေသည်ဟု ဦးသန်းစိုးနိုင်က ယခုလို ဆက်ပြောသည်။

“ပြီးတော့ ရေနံပိုက်လိုင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေ နောက် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး AA ရဲ့ သဘောထားတွေ အနာဂတ်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဘာတွေစဉ်းစာ ထားလဲဆိုတာ တရုတ်က သိချင်ပုံရပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံက တရုတ် – မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ယခုဒီဇင်ဘာလအတွင်း တဖွဲ့ချင်းအလိုက် တွေ့ဆုံမှုများရှိခဲ့ပြီး အာရက္ခတပ်တော်နှင့်လည်း ဖိတ်ခေါ်တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

အာရက္ခတပ်တော်ကိုယ်စားလှယ်အဖွဲ့ကို အာရက္ခတပ်တော် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဦးဆောင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သတင်းများရရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အာရက္ခတပ်တော် AA နှင်တရုတ်အစိုးရတို့ ဒီဇင်ဘာလ ၁ ရက်နေ့က ထိန်ချုံးမြို့တွင် တွေ့ဆုံခဲ့ပြီး၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် UWSA ‘ဝ’ အဖွဲ့ ၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် TNLA တအာင်းအဖွဲ့၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် KIA ကချင်အဖွဲ့တို့နှင့် ကူမင်းတွင် တွေ့ဆုံခဲ့ကြောင်း သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင်  စစ်ကောင်စီနှင့် ကိုးကန့် MNDAA ကိုယ်စားလှယ်တို့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here