AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူ တောင်ကုတ်ဒေသခံ ၆ ဦးကို စစ်ကောင်စီတရားရုံးက ထောင် ၄ နှစ်စီ ချမှတ်

0
333
ပုံစာ- ထောင်ဒဏ် ၄ နှစ် ချခံရသည့် တောင်ကုတ်ဒေသခံ ၆ ဦး

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရသူ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ဒေသခံ ၆ ဦး သည် ၃ နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံလိုက်ရသူများမှာ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့မှ ညီအစ်ကိုနှစ်ဦးဖြစ်သည့် ကိုသန်းဇော်ဌေးနှင့် ကိုသန်းဇော်ဇော်တို့ ဖြစ်သည်။

သူတို့ကို AA နှင့် ဆက်စပ်သည်ဟုဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် ဇူလိုင်လ ၁၁ ရက် ညနေပိုင်းတွင် တောင်ကုတ်မြို့နယ် တရားရုံးက စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အမှုအား လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက အတည်ပြု ပြောသည်။

သူတို့ကို စတင်ဖမ်းဆီး တရားစွဲခဲ့စဉ်က AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖောက်ခွဲရေး ပစ္စည်းများနှင့် သက်ဆိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (စျ) နှင့် ၅ဝ (ည) တို့ဖြင့် စွဲဆိုခဲ့သော်လည်း တရားရုံးတွင် စစ်ဆေးသည့်အခါ ယင်းပုဒ်မနှင့် ငြိစွန်းမှု မရှိ၍ ပုဒ်မ ၅၂ (က) ဖြင့် ပြောင်းလဲ တရားစွဲဆို ထောင်ချခံလိုက်ရခြင်း ဖြစ်သည်ဟု ရှေ့နေဦးတင်ညိုက ပြောသည်။

“သူတို့ကို မူလစွဲဆိုတယ်ဆိုတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့တော့ မဆိုင်တော့ဘူးပေါ့ဗျာ။ အခုဟာက AA နဲ့ ဆက်နွယ်ပတ်သက်တယ်ဆိုတဲ့ သဘောနဲ့ပေါ့နော်။ ပုဒ်မ ၅၂(က) အရ ထောင်ဒဏ် ၄ နှစ် ချလိုက်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။

ချုပ်ရက်များပါ ခံစားခွင့်ရှိသည့်အတွက် ၎င်းတို့သည် လာမည့်နှစ်တွင် ပြန်လည် လွတ်မြောက် လာတော့မည်ဟုလည်း ဆိုသည်။ သူတို့ ၆ ဦးအနက် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်သည် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ကျန် ၅ ဦးမှာ ၂၀၂၀ ဇွန်လတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ် အရာရှိတချို့က တရားလိုပြုလုပ်ပြီး တရားစွဲဆို ခံခဲ့ရခြင်းလည်း ဖြစ်သည်ဟု ရှေ့နေဦးတင်ညိုက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here