ရခိုင်ပြည်မှနေရာတချို့တွင် ဒေသလုံခြုံရေးနှင့် မိမိရပ်ရွာ မိမိကာကွယ်နိုင်ရေးအတွက် သင်တန်းပေးနေပြီး ထိုသို့သင်တန်းပေးရာတွင် အသက်မပြည့်သေးသည့် လူငယ်များကို စစ်မှုထမ်းခေါ်ယူခြင်းမရှိဟု အာရက္ခတပ်တော် (AA) က ပြောဆိုလိုက်သည်။
ဘူးသီးတောင်၊ မောင်တောမြို့နယ်မှ အသက်မပြည့်သေးသည့် အသက် ၁၃ နှစ်ကအစ လူငယ်များအပါအဝင် မြိုလူမျိုးများကို အဓမ္မဖမ်းဆီးကာ စစ်သင်တန်းပေးနေသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောခွင့်ရဦးခိုင်သုခက ယခုလိုပြောဆိုသည်။
“ဒီဟာက မတရားစွပ်စွဲချက်တွေပါ။ အသက်မပြည့်သေးတဲ့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ခေါ်တာ လုံး၀ မရှိပါဘူး။ ကလေးတွေကို အတင်းအကြပ်ခေါ်ယူပြီး စစ်သင်တန်းပေးနေတယ်ဆိုတာ မဟုတ်မှန်ပါဘူး” ဟု ဦးခိုင်သုခက ပြောသည်။
ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလက မောင်တောမြို့နယ်ရှိ ကျေးရွာ ၁၀ ကျော်က မြိုလူမျိုး ၁၀၀ ခန့်ကို အာရက္ခတပ်တော် AA က စစ်မှုထမ်းခေါ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
သို့သော် အာရက္ခတပ်တော်က နယ်စပ်ဒေသအတွင်း အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်များ၏ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် ဒေသခံများ၏ အသက်အန္တရာယ်လုံခြုံရေးကို ကာကွယ်နိုင်ရန် အခြေခံ လုံခြုံရေး အသိပညာပေး သင်တန်းများသာ ပေးနေသည်ဟု ဦးခိုင်သုခက ပြောဆိုသည်။
“ဒေသခံတွေ အကြမ်းဖက်သမားတွေဆီမှာ သတ်ဖြတ်မခံရဖို့နဲ့ လုံခြုံရေးသတိရှိဖို့ သူတို့ရဲ့ ကျေးရွာကို သူတို့ကိုယ်တိုင် ကာကွယ်နိုင်ဖို့၊ အရေးကြီးလာတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေနဲ့ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ဒေသခံတွေကို အခြေခံ လုံခြုံရေးအသိပညာပေး သင်တန်းတွေ ကျနော်တို့ ပေးနေတာရှိပါတယ်။ ဒါဟာ ဒေသခံတွေရဲ့ လိုအပ်လို့ ကျနော်တို့ လုပ်ပေးနေရတာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
ထိုသို့ မိမိကိုယ်ကို မိမိကာကွယ်နိုင်ရန်အတွက် လုံခြုံရေးသင်တန်းများ လုပ်ဆောင်ပေးနေမှုမှာ နယ်စပ်နေ လူနည်းစုများအတွက် အလွန်အရေးကြီးပြီး ထိုသို့လုပ်ဆောင်နေမှုအပေါ် နိုင်ငံသားကောင်းပီစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“နတ်မြစ်ရဲ့တဖက်ကမ်းက ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်အဖွဲ့တွေဟာ ထောင်ပေါင်းများစွာ အင်အားစုပြီးတော့မှ ကျနော်တို့ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်ပစ်ဖို့ ခြိမ်းခြောက်နေတာရှိပါတယ်။ ဒါကြောင့် အုပ်ချုပ်သူ အစိုးရတရပ်အနေနဲ့ လုံခြုံရေးလိုအပ်ချက်အရ လုပ်သင့်တာကိုလုပ်နေတာ ဖြစ်ပါတယ်။ ဒီဟာကို အားလုံးကနေပြီးမှ နိုင်ငံသားကောင်းပီစွာ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်” ဦးခိုင်သုခက ပြောသည်။
ဘူးသီးတောင်၊ မောင်တောမြို့နယ်မှ အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် မြိုလူမျိုး (၉၀) ကျော်ကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် AA က အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းရန်ခေါ်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။
ရန်ကုန်တွင်စစ်ဘေးရှောင်နေသည့် တက္ကသိုလ်ကျောင်းသား မြိုလူငယ်တစ်ဦးက ယခင်ကလည်း မြို၊ ချင်း၊ ဒိုင်းနက် (သက္ကမ) လူမျိုးစုများကို ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်မှုတချို့ရှိခဲ့ကြောင်း ယခုလိုပြောပါသည်။
“နိုင်ငံသားတစ်ဦးအနေနဲ့ နိုင်ငံရေးအခြေအနေအရ ဒီဒေသကိုကာကွယ်ဖို့ တာဝန်ရှိတာကို ကျနော်တို့ နားလည်လက်ခံတယ်။ ဒါပေမယ့် တဖက်မှာလည်း မျှမျှတတနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့လည်း အရေးကြီးပါတယ်။ ဒီ လူမျိုးစုတွေအပေါ် စစ်မှုထမ်းခေါ်မှုတွေကို ကျနော်တို့ တောက်လျှောက်စောင့်ကြည့်မှုအရ ကြမ်းကြမ်းတမ်းတမ်းနဲ့ ခြိမ်းခြောက်တာတွေလည်း ရှိပါတယ်။ ဒါတွေကို အထက်လူကြီးတွေအနေနဲ့ ကြပ်မတ်ဖို့ လိုတယ်လို့ မြင်တယ်” ဟု အဆိုပါ မြိုလူငယ် ပြောသည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ကို ၂၀၂၄၊ ဒီဇင်ဘာလအတွင်း AA က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သော်လည်း မွတ်ဆလင်လက်နက်ကိုင်များဖြစ်သည့် ARSA / RSO/ ARA တို့သည် စစ်ကောင်စီနှင့်ပူးပေါင်းကာ အကူအညီများရယူပြီး မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း ပြည်သူလူထုအား ဒုက္ခပေးလာနိုင်သဖြင့် AA က နယ်စပ်လုံခြုံရေးအတွက် အင်အားထောင်ချီချထားကြောင်း သိရှိရသည်။
ယင်းအပြင် RSO ခေါင်းဆောင်ဦးကိုကိုလင်း၏ BBC နှင့်အင်တာဗျူးတွင်လည်း ၄င်းတို့အနေနှင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် အဓိကလှုပ်ရှားမှုရှိပြီး AA ကို တိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်ကို တွေ့ရသည်။
နိရဉ္စရာ ပေးပို့သည်။