AA က ရခိုင်နှင့်မကွေးကို ဆက်သွယ်ထားသည့်ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်

0
181
Photo - Social Media

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်း ကားလမ်းကို ရက်အကန့်အသတ် မရှိ ပိတ်ပင်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ဧပြီ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်က အရေးပေါ် အသိပေး ကြေညာချက် ထုတ်ပြန်လိုက်သည်။

အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများနှင့် သယ်ဆောင်ခြင်း၊ ကားလမ်းမ တလျှောက် စွန့်လွှတ်မိုင်းထောင်ခြင်းတို့ကို ပြုလုပ်လာပြီး တိုက်ပွဲ စတင် ဖြစ်ပွားလာတာကြောင့် အမ်း-ပဒါန်း ကားလမ်းကို အရေးပေါ်ပိတ်ထားလိုက်သည်ဟု အသိပေးလာခြင်း ဖြစ်သည်။

ရခိုင်ဒေသတွင် ပြီးခဲ့သည့်နှစ် နိုင်ဝင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မှာလည်း တရက်ထက်တရက် မြှင့်တက်လာသည့်အပြင် မတ် ၂၆ ရက် နေ့ကစပြီး ရခိုင်ပြည်နယ် အမ်းနှင့် မကွေးတိုင်းကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအား စစ်ရေးအရ ရှုံးနိမ့်နေသည့်အပြင် သံတမန်ရေးရာတွင်လည်း ရှုံးနိမ့်နေသည့်အတွက် ပြည်သူလူထုကို အကြမ်းဖက်ဦးတည်တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသည်ဟု AA က ဆိုသည်။

ယင်းအပြင် ပြည်သူလူထုအား စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုရန်နှင့် ပြည်သူလူထုအား အကြောက်တရား ထိုးသွင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် AA သည် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်က မြို့ပေါင်း ၉ မြို့ ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်စခန်း ရာနှင့်ချီကိုလည်း သိမ်းပိုက်ရရှိထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here