AA က မောင်တောမြို့ကိုဝင်စီးပြီး ပိတ်မိနေသည့်ပြည်သူများကို မြို့ထဲမှ ကယ်ထုတ်ပေးခဲ့

0
97
ပုံစာ - မောင်တောမြို့တွင်း ပိတ်မိပြည်သူများကို AA က ကယ်ထုတ်ပေးစဉ်။

ရခိုင်ပြည်၊ မောင်တောမြို့တွင်းသို့ အာရက္ခတပ်တော် AA က ဝင်စီးပြီး ပိတ်မိနေကြသည့် ဒေသခံပြည်သူများဖြစ်သည့် ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ စသည့် သောင်းချီရှိနေသော ပြည်သူများကို ကယ်ထုတ်နေကြောင်း ကယ်ထုတ်ခံနေရသူ မောင်တောဒေသခံများက ပြောသည်။

အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက ဩဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် ပိတ်မိနေသည့် ဒေသခံပြည်သူများကို ကယ်ထုတ်ခဲ့သည်ဟု   AA ကယ်ထုတ်ရာတွင် ပါလာသည့် မောင်တောဒေသခံတစ်ဦးက ပြောပါသည်။

“ဒီနေ့မနက်မှာ မောင်တောမြို့ကို AA ဘက်က ဝင်စီးလိုက်ပြီ။ မောင်တောမှာ ပိတ်မိနေတဲ့ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ မိသားစုသောင်းနဲ့ချီပြီး AA ဘက်က ကယ်ထုတ်ပေးခဲ့ကြတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ လေကြောင်းနဲ့ ဆက်ပြီး ဗုံးကြဲနေတယ်” ဟု ၎င်းက ပြောဆိုသည်။

မောင်တောမြို့နှင့် နခခ (၅) အား AA က စစ်မျက်နှာ ၅ ခု အထိ ဖွင့်လှစ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသလို လက်ရှိတွင်လည်း မြို့တွင်းအထိ စီးနင်းဝင်ရောက်လျက် ရှိနေပြီး ယင်းတိုက်ပွဲများမှာလည်း အလွန် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကြကြောင်း မောင်တောဒေသံများပြောဆိုမှုအရ သိရသည်။

AA ကယ်ထုတ်ရာတွင်ပါလာသည့် ဒေသခံမွတ်ဆလင်တစ်ဦးက “မြို့မှာ ဘယ်လိုမှနေလို့ မရတော့ပါဘူး။ AA က မြို့ကိုသိမ်းတော့မယ်။ နယ်ခြားစောင့်တွေ ရာချီပြီး မြို့တွင်းက လူနေအိမ်တွေကို ဝင်လာကြတယ်။ နယ်ခြားစောင့်တွေကတော့ ပြောပါတယ်။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး။ နေလို့ ရပါတယ်တဲ့။ ဒါပေမဲ့ AA ဘက်က မြို့ထဲကို ဝင်လာနေကြပြီ။ တိုက်ပွဲဖြစ်လာရင် ကြားညှပ်သွားကြမယ်။ အဲ့ဒါကြောင့် မြို့က ထွက်ပြေး လာကြရတယ်” ဟု ပြောသည်။

ထိုသို့ AA က ဒေသခံများကို ကယ်ထုတ်ရာတွင် AA ရဲဘော်များက မသယ်နိုင်သည့်အိတ်များကို ကူညီ သယ်ဆောင်မှုပေးကြကြောင်း၊ ယင်းအပြင် လမ်းမလျှောက်နိုင်သည် သက်ကြီးရွယ်အိုများနှင့် နေထိုင် မကောင်းသူများကိုလည်း ဆိုင်ကယ်များနှင့် လိုက်ပို့ ဆောင်ကြသည်ဟု ၎င်းက ဆက်ပြောဆိုသည်။

မောင်တောမြို့နှင့် နခခ (၅) တပ်ရင်းအား ဩဂုတ်လ ၃ ရက်နေ့ မှစပြီး AA ဘက်က ထိုးစစ်အရှိန် မြှင့်တင် တိုက်ခိုက်လာနေခြင်း ဖြစ်သည်။

ဩဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့ တို့တွင် တိုက်ပွဲများ အလွန်ပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း နခခ (၅) တပ်ရင်းနှင့် မောင်တောမြို့ မကျစေရန် ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲ၍ ခုခံကာကွယ် လျက်ရှိနေကြောင်း သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here