28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းAA က ပလက်ဝဒေသခံများနှင့် ရခိုင် မြို့သုံးမြို့ရှိ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာနှင့်အမိုးအကာများ ထောက်ပံ့

AA က ပလက်ဝဒေသခံများနှင့် ရခိုင် မြို့သုံးမြို့ရှိ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာနှင့်အမိုးအကာများ ထောက်ပံ့


အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံများနှင့်အတူ ရခိုင်ပြည်၊ မြို့သုံးမြို့မှ စစ်ဘေးရှောင်များကို AA လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းရေးရုံး (HDCO) က စားနပ်ရိက္ခာနှင့် အမိုးအကာများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။



HDCO က စားနပ်ရိက္ခာနှင့် အမိုးအကာများထောက်ပံ့ပေးခဲ့သော မြို့များမှာ ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်မှ အမ်း၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ ဖြစ်သည်။

HDCO က အဆိုပါမြို့နယ်များရှိ အရေးပေါ်အကူအညီများ လိုအပ်နေသူများထံသို့ ဇွန်လ ၂၃ ရက်တွင် သွားရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပလက်ဝဒေသအတွင်း အရေးပေါ်လိုအပ်နေသည့်နေရာများမှ လူဦးရေ (၁၇၂) ဦးနှင့် ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှော င်အိမ်ထောင်စု (၂၆၅) စုစာအတွက် အမိုးအကာများထောက်ပံ့ပေးခဲ့သည်ဟု HDCO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပလက်ဝနဲ့ ရသေ့တောင်မှာ အမိုးအကာတွေ ထောက်ပံ့ပေးခဲ့တယ်။ နောက်ထပ်လည်း လိုအပ်ရင်လိုအပ်သလို လိုအပ်တဲ့နေရာမှာ စားနပ်ရိက္ခာနဲ့ အမိုးအကာထောက်ပံ့ပေးသွားမှာ” ဟု ပြောသည်။

အမ်းမြို့နယ်မှ လူဦးရေ ၁၇၂ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ လူဦးရေ ၁၇၂ ဦး၊ စုစုပေါင်း (၃၄၄) ဦးအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“အမ်းနဲ့ ဘူးသီးတောင်က လိုအပ်တဲ့နေရာတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်။ ဆန်၊ ဆီ၊ ဆား လိုအပ်တာပေါ့။ လဝက်စာ ထောက်ပံ့ပေးခဲ့တယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ယခုထောက်ပံ့ပေးခဲ့သည့် ဒေသများရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာများနှင့် အမိုးအကာများ အရေးပေါ်လိုအပ်ချက်များ တထောင့်တနေရာမှ အဆင်ပြေစေနိုင်ရန်အတွက် ယခုကဲ့သို့ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုထောက်ပံ့ပေးခဲ့သောဒေသများသည် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်းတွင် AA က အပြီးသတ်သိမ်းပိုက် ထားသည့်ဒေသများ ဖြစ်ကြသည်။

HDCO ၏ စာရင်းအရ ရခိုင်ရှိ လွတ်မြောက်မြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းကျော်ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်များ၏ ၆ဝ ရာနှုန်းခန့်သည် ယခုမိုးတွင်းကာလအတွင်း အမိုးအကာအောက်ရောက်ရှိရေး အရေးတကြီး လိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေးကူ ညီနေသူများက ပြောဆိုထားသည်။

နိရဉ္စရာ ပေးပို့သည်။