AA နှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံနေရသူ ၅၅ ဦး လွတ်မြောက်လာ

0
300
ပုံစာ - သြဂုတ် ၂ ရက်နေ့က စစ်တွေထောင်မှလွတ်မြောက်လာသူများအား တွေ့ရစဉ်။

စစ်ကောင်စီက သြဂုတ် ၁ ရက်နေ့ ဝါဆိုလပြည့်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပေးမည်ဟု ထုတ်ပြန်ပြီးနောက် ရက္ခိုင့်တပ်တော် (AA) သံသယဖြင့် တရားရင်ဆိုင်နေရသူ ၅၅ ဦး ရခိုင်ပြည်ရှိ အကျဉ်းထောင်များမှ လွတ်မြောက်လာပြီ ဖြစ်သည်။

AA နှင့် ဆက်စပ်သံသယဖြင့် တရားရင်ဆိုင်နေရသူ ၅၅ ဦး သည် သြဂုတ်လ ၂ ရက် ညနေပိုင်းတွင် လွတ်မြောက် လာသည်ဟု နိုင်ငံရေးအကျဉ်းသားများအရေး စောင့်ကြည့်လေ့လာသူများက ပြောသည်။

အဆိုပါ ၅၅ ဦးမှာ တောင်ကုတ်အချုပ်မှ ၃ ဦး၊ စစ်တွေထောင်မှ ၁၁ ဦး၊ ကျောက်ဖြူထောင်မှ ၁၀ ဦး၊ ဘူးသီးတောင် ထောင်နှင့် မောင်တောအချုပ်က ၁၇ ဦး၊ သံတွဲထောင်မှ ၁၅ ဦးနှင့် ကျောက်တော်အချုပ်မှ ၂ ဦး တို့ ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများထံက သိရသည်။

လွတ်မြောက်လာသူအများစုမှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ ၁၇(၂) တို့ဖြင့် တရားစွဲ ခံထားရသူများ ဖြစ်ပြီး နိုင်ငံတော် ဆူပူလှုံဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် တရားရင်ဆိုင် နေရသူများလည်း ပါဝင်ကြောင်း သိရသည်။

ကျောက်ဖြူအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဒေါ်ခင်ဘုန်းနွဲ့၏ သမီးဖြစ်သူ မနှင်းနွဲ့က “လွတ်လာရင် ပြီးပါပြီ။ ပျော်ပါတယ်။ ကျန်းကျန်းမာမာလည်း ရှိပါတယ်” ဟု မိခင်ဖြစ်သူ လွတ်မြောက်လာသည့် အခြေအနေကို ပြောဆိုသည်။

တောင်ကုတ်အချုပ်မှ လွတ်မြောက်လာသူများမှာ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှ သွားဆရာဝန် ဒေါက်တာကျော်သူရထွန်း၊ တောင်ကုတ်မြို့နယ် မှိုဟင်းတောကျေးရွာမှ ဦးဦးသန်းထွန်း၊ ကိုလင်းလင်းအောင်နှင့် စစ်တွေ အကျဉ်းထောင်မှ ဦးခင်မောင်ကျော် အပါအဝင် ၁၁ ဦး၊ သံတွဲအကျဉ်းထောင်မှ ကိုစန်းကို အပါအဝင် ၁၅ ဦး လွတ်မြောက်လာခြင်း ဖြစ်ကြောင်း မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားများအရေး စောင့်ကြည့် လေ့လာသူများက ပြောသည်။

သံတွဲထောင်ရှေ့သို့ ရောက်ရှိနေသည့် ဒေသခံအမျိုးသားတစ်ဦးက “ကိုစန်းကို အပါအဝင် တခြားသူတွေလည်း လွတ်ပါတယ်။ အခုပဲ လွတ်နေတာမို့ အသေးစိတ်ကို နောက်မှပြောကြရအောင်ပါ” ဟု ပြောသည်။

ဦးဦးသန်းထွန်း၊ ဒေါက်တာကျော်သူရထွန်းနှင့် ကိုတင်ငြိမ်းအောင်တို့မှာ သြဂုတ်လ ၂ ရက်၊ ညနေ ၄ နာရီကျော်ခန့်က လွတ်မြောက်လာခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် ဒေါက်တာကျော်သူရထွန်း၏ ဇနီးဖြစ်သူက “ဒေါက်တာကျော်သူရထွန်း လွတ်မြောက်လာပါပြီ။ သူနဲ့အတူ နှစ်ယောက်ပါပါတယ်။ အမ်းက တစ်ယောက်နဲ့ တောင်ကုတ်က တစ်ယောက် ပါတယ်” ဟု ဆိုသည်။

ဒေါက်တာကျော်သူရထွန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်က AA နှင့် ဆက်စပ်သည့် စွပ်စွဲချက်ဖြင့် တောင်ကုတ်မြို့ ဆေးရုံကွက်သစ် (၁) လမ်းထဲမှ အရပ်ဝတ်စစ်သားများက ဆိုင်ကယ်များ၊ ကားများဖြင့် ဖမ်းဆီးသွားခဲ့ပြီးနောက် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

အလားတူ ဦးဦးသန်းထွန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်က AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာနိုင်မည့် မျှော်လင့်ချက်ဖြင့် ကျောက်ဖြူအကျဉ်းထောင်တွင် ညီဖြစ်သူ လွတ်မြောက်လာမည်ကို သွားရောက်စောင့်မျှော်ခဲ့သူတစ်ဦးက “ဒီတစ်ခေါက်လည်း မပါခဲ့ဘူး။ သူတို့နဲ့အမှု နှစ်အတူတူ၊ လအတူတူ အဖမ်းခံရတဲ့သူတွေက လွတ်သွားပြီ။ သူတို့နှစ်ယောက်ကတော့ ကျန်ခဲ့ပြီ” ဟု ပြောသည်။

ရခိုင်တွင် တကျော့ပြန် တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သံသယဖြင့် အပြစ်မဲ့ပြည်သူ ၅၉၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားခဲ့ပြီး ဖေဖော်ဝါရီလ အထိ ၃၉၁ ဦးသာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် သြဂုတ် ၁ ရက်နေ့က စစ်ကောင်စီ၏ EAOs များနှင့် ဆက်စပ်သူတချို့၏ အမှုကို ရုပ်သိမ်းပေးရာတွင် AA နှင့် ဆက်စပ်၍ ဖမ်းဆီးတရားစွဲခံထားရသူ ၅ဝ ကျော် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here