အာရက္ခတပ်တော်သည် စစ်တွေစစ်မျက်နှာပြင်တွင် လက်ရှိတွင် ထိုးစစ်များရပ်နားထားသော်လည်း စစ်ကောင်စီတပ်က စစ်တွေ တပ်ရင်း၊ ဌာနချုပ်များကနေ လက်နက်ကြီးနှင့် ရမ်းသန်းပစ်ခတ်မှုများ ဆက်တိုက် လုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၁၅ ရက်၊ နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီ၏ စစ်တွေ အမှတ် (၂၀) ခြေလျင်တပ်ရင်းကနေ စစ်တွေမြို့နယ် – ပုဏ္ဏားကျွန်းအစပ်ရှိ အောင်ဇေယျ၊ စပါးထားစသည့် ကျေးရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဆိုသည်။
“ဒီနေ့မနက် ကိုးနာရီခွဲလောက်က စစ်တွေ ခလရ ၂၀ နဲ့ အခြားတပ်တွေကနေ လက်နက်ကြီးတွေ ပစ်နေတာ။ အောင်ဇေယျနဲ့ နယ်စပ်ကျေးရွာတွေကို ပစ်တယ်။ အရင်ရက်တွေကလည်း မကြာခဏ ပစ်နေတာရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ငလျင်ဒဏ်ကြောင့် ယာယီအပစ်အခတ်ရပ်စဲကြောင်း AA က ကြေညာခဲ့ပြီးနောက် စစ်တွေမြို့နယ်တွင် ပစ်ခတ်မှုများ ရပ်တန့်နေသော်လည်း ပြီးခဲ့သည့် မေလ ၉ ရက်မှ စတင်ကာ လက်နက်ကြီးပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုအခါ စစ်ကောင်စီသည် ပုဏ္ဏားကျွန်းနယ်စပ် – စစ်တွေနယ်စပ်ရှိ ကျေးရွာများသို့ ပစ်မှတ်ထားကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် မကြာခဏ ပစ်ခတ်မှုတို့ ရှိနေသည်။
“ဒီလထဲမှာ စကစဘက်က လက်နက်ကြီးတင်မဟုတ်ဘဲ ဒရုန်းတွေ မကြာမကြာ သုံးလာတာလည်း တွေ့ရတယ်။ တခါတလေ တနေ့ထဲ ဒရုန်းနဲ့ သုံးခေါက်လောက် လာလာပြီး ဗုံးချနေတာ” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
မေလ ၉ ရက်နေ့က စစ်တွေ ကျားမသောက်နှင့် ပါဒလိတ်တပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှု များစွာရှိခဲ့ပြီး ယခုရက်ပိုင်းတွင်လည်း ဒကစ၊ ရွှေမင်းဂံ၊ ပါဒလိတ်စသည့် စစ်ကောင်စီတပ်ရင်းများမှ မကြာခဏ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုရှိကြောင်း သိရသည်။
AA ထိုးစစ်များရပ်ထားချိန် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်နေမှုများသည် နှစ်ဘက်ဆက်ဆံရေး အယုံကြည်မဲ့စေပြီး ဒေသခံများ သေဆုံးဒဏ်ရာရမှုများမှတဆင့် စစ်ပွဲကြီးတစ်ဖန်ဖြစ်စေလာနိုင်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
“စစ်တွေမြို့ဆိုတာ ရခိုင်ပြည်တစ်ခုလုံးရဲ့ နောက်ဆုံးလက်ကျန်ဖြစ်နေတော့ စစ်ကောင်စီတပ်က AA ကို လုံးဝ ထိုးစစ်မလာနိုင်အောင် ပစ်ခတ်နေတာလို့ မြင်တယ်။ နောက်တခုက စစ်တွေဟာ သူတို့ရဲ့ နောက်ဆုံးခြေကုတ် နေရာဖြစ်တော့ ကြိုတင်ပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတာလည်း ဖြစ်နိုင်တယ်။ စိုးရိမ်စိတ်နဲ့ ထင်ရာလျှောက် ပစ်နေတာဟာ AA က ထိုးစစ်တစ်ဆင့်မြှင့်ဖို့ နှိုးဆွရာလည်းရောက်တယ်” ဟု ရခိုင်စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက သုံးသပ်သည်။
အာရက္ခတပ်တော်သည် ၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီလကစပြီး စစ်တွေမြို့နယ်တွင် စစ်ပွဲများရှိနေခဲ့သော်လည်း ငလျင်လှုပ်ခတ်ပြီးချိန်တွင် အပစ်ရပ်ခဲ့ပြီး ထိုးစစ်များ ရပ်တန့်နေခြင်းဖြစ်သည်။
ရခိုင်တစ်ပြည်လုံး အားလုံးနီးပါးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ဒကစ ဌာနချုပ်တည်ရှိရာ မြို့တော်စစ်တွေကို ပိတ်ဆို့ဖြတ်တောက်ထားသည်မှာ အချိန်ကြာမြင့်လာပြီ ဖြစ်သည်။
အောင်ထိန် (DMG) ပေးပို့သည်