AA ကို သတင်းပေးမှု စွဲချက်ဖြင့်ဖမ်းဆီးခံထားရသူ သံတွဲခရိုင်ထွေအုပ်အကြီးတန်းစာရေး ထောင်ဒဏ် ၂ နှစ် ချခံရ

0
274
ပုံစာ - AA ကို သတင်းပေးမှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ သံတွဲခရိုင်ထွေအုပ်အကြီးတန်းစာရေး

ရက္ခိုင့်တပ်တော် (AA) ကို ငွေကြေးထောက်ပံ့မှု၊ သတင်းပေးမှု သံသယနှင့် ဖမ်းဆီးပြီး ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို ခံခဲ့ရသည့် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေးတစ်ဦးကို သံတွဲမြို့နယ်တရားရုံးက အမှုနှစ်ခုတွင် အမှုတစ်တစ်ခုအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အသက် ၃၄ နှစ်အရွယ် အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ၅၀၅(က) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူ မနှင်းအိအိလင်းက ပြောသည်။

“အမိန့်ချတာကတော့ ၅၀၅ (က) အတွက် ထောင်နှစ်နှစ်ချတာပါ။ နှစ်မှုမှာ တစ်မှုအတွက် အမိန့်ချ လိုက်တာပေါ့။ ၁၇ (၁) တစ်မှုက ဘယ်လိုလာဦးမလဲ မသိဘူး” ဟု မနှင်းအိအိလင်းက ဇူလိုင်လ ၇ ရက် က သံတွဲမြို့နယ် တရားရုံး၏ အမိန့်ချမှတ်မှုကို ပြောဆိုသည်။

ကိုဝင်းမောင်မောင်ဖြိုးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က ရုံးတက်ရန် သံတွဲခရိုင် ထွေအုပ်ရုံးသို့ လာရောက်ချိန် ရုံးရှေ့အရောက်တွင် ငပလီတပ်မ (၅၅) စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား တရားစွဲဆိုခံရချိန်မှစပြီး သံတွဲ အကျဉ်းထောင်မှနေ၍ အမှုရင်ဆိုင် နေရခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုဝင်းမောင်မောင်ဖြိုးကို ပုဒ်မ ၁၇(၁) အတွက် အမိန့်ချမှတ်ရန် ကျန်ရှိနေပြီး ဇူလိုင်လ ၂၁ ရက်သို့ ရုံးချိန်း ချိန်းဆိုထားသည်။

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် အစောပိုင်း တကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးတရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းတို့အထဲတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်နေကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here