1111 (တစ်လေးလုံး) စစ်ဆင်ရေးစတင်ပြီးနောက် ထပ်ဆင့်စစ်ရှောင်အပါအဝင် တိမ်းရှောင်နေရသူ သုံးသောင်းခွဲ အထိရှိလာ

0
242

ကရင်နီ (ကယား) ပြည်နှင့် ရှမ်း-ကရင်နီနယ်စပ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ သုံးသောင်းခွဲအထိ ရှိလာတယ်လို့ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုသည်။

တိမ်းရှောင်နေရတဲ့ စစ်ရှောင်သူဦးရေ သုံးသောင်းခွဲတွင် 1111 (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက်မှ တိမ်းရှောင်ရသူများ ပါဝင်သလို၊ ယခင်တိမ်းရှောင်သူတွေများထဲမှ ထပ်ဆင့်တိမ်းရှောင်နေရသူများလည်း ပါဝင်တယ်လို့ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလုရယ် ပြောပါသည်။

“လွိုင်ကော်မြို့ အနီးတဝိုက်ဒေသတွေ အပါအဝင် ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့တွေက ပြည်သူဦးရေ ၃ သောင်းခွဲကျော် စစ်ဘေးရှောင် နေရတယ်ဆိုတဲ့ အရေအတွက်က ခန့်မှန်းချေ ဖြစ်ပါတယ်။ လူဦးရေစာရင်း အတိအကျကိုတော့ သက်ဆိုင်ရာဌာနတွေက ဆောင်ရွက်နေပါတယ်။ 1111 (တစ်လေးလုံး)စစ်ဆင်ရေးစတင်မှပဲ စစ်ရှောင်အသစ်တွေ တိုးလာတာရှိသလို မူလကတည်းက စစ်ရှောင်နေကြတဲ့သူတွေလည်း ထပ်ဆင့်စစ်ရှောင်တာမျိုးလည်း ရှိပါတယ်” လို့ ခူးပလုရယ်က ပြောဆိုသည်။

တိမ်းရှောင်ရတဲ့ စစ်ရှောင်သုံးသောင်းခွဲထဲ၌ အများစုဟာ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေဖြစ်ကြတဲ့ ဒေါဥခူ၊ မုံပြာ၊ ဘာဒို၊ ထေးငှလျား၊ နာနတ်တော၊ ထေးသမ စတာတွေအပြင် လွိုင်ကော်မြို့အနီးတဝိုက်ရှိ ချိကယ် ကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲ ကျေးရွာအုပ်စု၊ နွားလဝိုး ကျေးရွာအုပ်စု၊ နိုးကိုး ကျေးရွာအုပ်စု အပြင် ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာတချို့နဲ့ မိုးဗြဲမြို့ပေါ်တဝိုက်က ပြည်သူတွေလည်း ပါဝင်တယ်လို့ IEC က ပြောသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဌက လက်ရှိမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ဘေးကင်းရာကို ရွေ့နေပေးကြဖို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အသိပေး တိုက်တွန်း ထားသည်။

ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တည်ဆောက်ရေး ဖော်ဆောင်နိုင်ဖို့အတွက် လွိုင်ကော်မြို့က စစ်ကောင်စီ အုပ်ချုပ်ရေးကို ဖြိုချရမှာ ဖြစ်တာကြောင့် မြို့သိမ်းတိုက်ပွဲတွေဟာ ပျက်စီးမှု များနိုင်တယ်လို့ KNDF ဥက္ကဌက ပြောဆိုပါသည်။

လက်ရှိမှာလည်း လွိုင်ကော်မြို့ အထွက်လမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အပြင် သွားလာကြတဲ့ ပြည်သူတွေကို ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရသည်။

ဒါ့အပြင် ပိတ်မိနေတဲ့ ဒေသခံများရှိနေတာကြောင့် ကယ်ဆယ်ရေးအသင်းအဖွဲ့တွေက လက်လှမ်းမီသလောက် ကူညီကယ်ဆယ်တာတွေ ပြုလုပ်ပေးနေတယ်လို့လည်း သိရသည်။

လွိုင်ကော်မြို့ခံတဦးက “ကျမတို့က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စပြီး ရှောင်ကြတယ်။ လွိုင်ကော်မှာ စစ်ရှောင် ဖူးတာကတော့ ဒီတခေါက်အပါ နှစ်ကြိမ်ပေါ့နော။ ခုတခါ ပိုဆိုးတယ်၊ ပိုခက်ခဲတယ်လေ အရင်ကတော့ ပြေးဖို့လမ်းက ပေါက်သေးတယ်။ ဒီးမော့ဆိုတို့ဘက်ကို ပြေးလို့ရသေးတယ်ပေါ့နော သေနတ်သံကြားတာနဲ့လေ၊ ဒါပေမဲ့ ခုက မြို့ထဲကနေပဲဖြတ်ပြီး သွားရမယ်ဆိုတော့ ပိုပြီးမလုံခြုံဘူးပေါ့နော။ တခုကြားတာကတော့ မြို့ထဲကနေ သွားတဲ့သူတချို့လည်း ပစ်ခံရတာကြားတော့ မပြေးရဲတော့ဘူး။ ခုအခြေအနေကတော့ လက်နက်ကြီး မကျနိုင်ဘူးလို့ ယူဆရတဲ့ နေရာတွေကိုပဲ ခုက ရှောင်နေတယ်။ ဒီနေရာပါဆို သုံးနေရာတော့ရှိပြီ၊ ကျမကတော့ လသားအရွယ်ကလေးငယ်လည်း ရှိနေတော့ အဖက်ဖက်ကနေ တအားစိုးရိမ်ပူပန်နေရတယ်။ ဆုပဲတောင်းနေ မိတော့တယ်” လို့ ပြောပါသည်။

ဒီအခြေအနေတွေကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေအတွက် လိုအပ်ချက်တွေ ကြီးမားနေလို့ ပါဝင်ပေးကြဖို့ကိုလည်း IEC က ဖိတ်ခေါ် ပန်ကြားထားတာကိုလည်း တွေ့ရသည်။

ခူးပလုရယ်က “အဓိက အခြေခံစားနပ်ရိက္ခာဖြစ်တဲ့ ဆန်၊ ‌ဆီ၊ ဆားအပါအဝင် အမိုးအကာနဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးအတွက် စက်သုံးဆီ လိုအပ်ချက်လည်း ကြီးမားလာပါတယ်” လို့ ပြောပါသည်။

စစ်ကောင်စီတပ်သည် မြေပြင်စစ်ဆင်မှုကို မပြုလုပ်နိုင်တော့ဘဲ လက်နက်ကြီးနဲ့ လေကြောင်းကို အဆမတန် အသုံးပြုပြီး ရမ်းသန်းပစ်ခတ်နေတာကြောင့် လူနေအိမ် အများအပြား ထိခိုက်ပျက်စီးမှုရှိသလို လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတဲ့ အရပ်သားတွေလည်း ၁၀ ဦးနဲ့ အထက် ရှိနေတယ်လို့ ၎င်းက ဆက်ပြောဆိုသည်။

အရေးပေါ် ကယ်ဆယ်ရေးအတွက် ကူညီလိုသူတွေအနေနဲ့ IEC ရဲ့ Signal, Viber, Telegram, Email တွေ ဖြစ်တဲ့ (၁) +66 63 687 0154 (Signal) ၊ (၂) +66 63 687 0154 (Viber & Telegram)၊ (၃) အီးမေးလ် – [email protected] တွေကနေ တဆင့် ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here