၆ လ တာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၀၀၀ ကျော် သေဆုံးဟု KNU ထုတ်ပြန်

0
307
ပုံစာ - KNU ၏ ထုတ်ပြန်ချက်

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေများ ဖြစ်သည့် ကော်သူးလေဒေသများတွင် ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ ၆ လတာအတွင်း စစ်ကောင်စီနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ စုစုပေါင်း ၂,၆၃၂ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။

ကေအဲန်ယူ အုပ်ချုပ်မှု လက်အောက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- KNDO နှင့် ၎င်းတို့၏ ကွပ်ကွဲမှုအောက်ရှိ တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ အကြား ထို ၆ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၂၄၀၀ ကျော် ရှိပြီး စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် တပ်ရင်းမှူး ၅ ဦး၊ ဒု-တပ်ရင်းမှူး ၅ ဦး၊ ဗိုလ်အဆင့်အရာရှိ ၁၃ ဦးနှင့် အရာခံဗိုလ် ၅ ဦးလည်း ပါဝင်ကြောင်း ကေအဲန်ယူ၏ ဇူလိုင် ၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများတွင် ဒု-တပ်ရင်းမှူး တစ်ဦးအပါအဝင် စုစုပေါင်း ၁၆၀၀ ကျော် ရှိနေပြီး စစ်ဆင်ရေးအတွင်း အသုံးပြုသော စစ်ကောင်စီဘက်မှ မော်တော်ယာဉ် အစီး ၁၀၀ နီးပါးကိုလည်း KNU က ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“စစ်ကောင်စီက အရင်ထိုးစစ်အနေအထားကနေ ခံစစ်ပြန်ရောက်နေပြီ၊ ထိုးစစ်အပိုင်းမှာတော့ အင်အားကြီး နိုင်ငံတွေက သူတို့ကိုပေးတဲ့ အထောက်အပံ့တွေနဲ့ ကျနော်တို့ဒေသတွေမှာ လေကြောင်းသုံးမှုတွေ ပိုလုပ်လာတာ တွေ့ရတယ်။ ပြီးတော့ ကျနော်တို့ပြည်သူတွေရဲ့ ပညာရေးပိုင်းတွေ၊ လူမှုရေးအပိုင်း စတာတွေမှာ ဆက်ရပ်တည် နေနိုင်ရင် ကေအဲန်ယူကလည်း ဆက်သွားနေနိုင်ဦးမယ်ဆိုတဲ့ သဘောနဲ့ ပြည်သူတွေကို ဦးတည်ပြီး တိုက်ခိုက် လာတာ တွေ့ရတယ်” ဟု KNLA စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ဒေသအတွင်း စစ်ရေး အခြေအနေနှင့် ပတ်သက်၍ ပြောဆိုထားသည်။

ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီနှင့် ဖြစ်ပွားသော ထိုတိုက်ပွဲများတွင် KNLA၊ KNDO နှင့် ၎င်းတို့ ကွပ်ကွဲမှု လက်အောက်ရှိ တော်လှန်ရေး အင်အားစုများဘက်မှ ၇၀ ကျော် သေဆုံးခဲ့သလို ၂၅၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားကြောင်း တွေ့ရသည်။

ထိုတိုက်ပွဲများကြောင့် ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသော အရပ်သား ပြည်သူ စုစုပေါင်း ၆ သိန်း နီးပါး ရှိလာသလို ကေအဲန်ယူအနေဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ယခု ၂၀၂၃ ခုနှစ် ဇွန်လ အထိ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော် အတွက်သာ လိုအပ်သည်များကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး အထူးသဖြင့် မိုးရာသီကာလ ဖြစ်သည့်အတွက် စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းနှင့် အမိုးအကာများ လိုအပ်ချက်များစွာ ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ဖြစ်သော ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့သည့် ဇွန်လမှစ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမှုကြောင့် ဒေသခံပြည်သူများမှာ ဆက်တိုက်ရွေ့ပြောင်း စစ်ရှောင်နေရပြီး အထူးသဖြင့် စစ်ဘေးရှောင် ကလေးငယ်များမှာ မိုးအမိဖျားရာမှ တုပ်ကွေးဖြစ်ပွားမှုများ ရှိလာသည့်အတွက် ဆေးဝါးနှင့်ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောဆိုကြသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here