၃ နှစ်ကျော်ကြာပျောက်ဆုံးနေသည့် တင်းမရွာသား ၁၈ ဦးအမှု တာဝန်ယူစုံစမ်းဖော်ထုတ်ပေးဖို့ မိသားစုဝင်များ ထပ်မံတောင်းဆို

0
247
ဓာတ်ပုံ - ပျောက်ဆုံးနေသည့်တင်းမရွာသားတချို့။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ၃ နှစ်ကျော်ကြာ ပျောက်ဆုံးနေသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့ တင်းမကျေးရွာသား ၁၈ ဦး အမှုကို စစ်ကောင်စီက တာဝန်ယူ စုံစမ်းဖော်ထုတ်ပေးဖို့ မိသားစုဝင်များက ထပ်မံတောင်းဆိုလိုက်သည်။

တင်းမကျေးရွာသား ၁၈ ဦးကို NLD အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နှင့် ၁၆ ရက် တို့တွင် စစ်တပ်က ရွာတွင်းသို့ ဝင်ရောက်ဖမ်းဆီး သွားပြီးနောက်ပိုင်း လက်ရှိအချိန်ထိ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသည်ဟု ထိုပျောက်ဆုံးမှုတွင် ပါဝင်သည့် တင်းမသစ်ကျေးရွာသား ဦးမောင်သန်းစိုး၏ ဖခင်ဖြစ်သူက ပြောသည်။

“တစ်ခါမှ ပေါ်မလာ၊ ကြာလည်းကြာပြီဆိုတော့ ရှိမယ်လို့ မထင်တော့ပါဘူး။ သတ်ပစ်လိုက်ပြီ ထင်ပါတယ်။ ဖမ်းသွားတဲ့ ၁၈ ယောက် တစ်ယောက်မှ ပြန်မလာတော့ဘူး။ သားနဲ့သားမက်နှစ်ယောက် ပါသွားတာ။ အဲ့တုန်းက စစ်သားတွေ ဖမ်းသွားတာကို ဦးလေးစာအုပ်မှာ ခုထိမှတ်ထားတာရှိတယ်။ အဲ့ဒါကို ဇော်မင်းထွန်းက ငြင်းထားတယ်” ဟု ပြောသည်။

အဖြေမှန်တစ်ခု သိရှိရအောင် စစ်ကောင်စီအနေဖြင့် တာဝန်ယူစုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုချင်သည် ဟုလည်း ၎င်းက ဆိုသည်။

စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေသူများတွင် တင်းမကြီးကျေးရွာမှ ရွာသား ၁ဝ ဦးနှင့် တင်းမသစ် ရွာမှ ရွာသား ၈ ဦးတို့ ဖြစ်ကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များက ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ အတွင်း ကျောက်တော်မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြသော်လည်း အရေးယူဖော်ထုတ်ပေးခြင်း မရှိကြောင်း မိသားစုဝင်များက ပြောသည်။

မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ခေါ်ယူမေးမြန်းခဲ့ပြီး အကောင်းဆုံး လုပ်ပေးမည်ဟု ကတိပြုပြောဆိုခဲ့သော်လည်း လက်တွေ့တွင်တစ်ခုမျှ ဖြစ်မလာခဲ့ဟု မိသားစုဝင်များက ဆိုသည်။

ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ရခိုင့်လူ့အခွင့်ရေး ကာကွယ်ရေး မြှင့်တင်သူများ အဖွဲ့ထံသို့ အကူညီတောင်းခံပြီး ယင်းအဖွဲ့မှတဆင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်သို့ စာတင် တောင်းဆိုခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ကလည်း အဆိုပါတင်းမရွာသားများကို စစ်တပ်က ဖမ်းဆီးခြင်း မရှိခဲ့သလို သတ်ဖြတ်ခဲ့ခြင်းလည်းမရှိခဲ့ဟု စာပြန်ခဲ့ကြောင်း ရခိုင်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပြသည်။

“တင်းမ ပြဿနာဖြစ်ပြီးတာနဲ့ တင်းမက မိသားစုတွေက စစ်တွေကိုလာပြီး ထွက်ချက်လာပေးတယ်။ သူတို့ကို စစ်ဆေးချက်ယူပြီး သူတို့ရဲ့မှတ်ပုံတင် မိတ္တူနဲ့တကွ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ကို တင်တယ်။ တင်ပေးလိုက်တော့ လူ့အခွင့်ရေးကော်မရှင်က သူတို့စစ်ဆေးချက်အရ ဒီတင်းမ ၁၈ ယောက်ကို မြန်မာ့ တပ်မတော်က ဖမ်းဆီးခြင်းလည်း မရှိ၊ သတ်ဖြတ်ခြင်းလည်း မရှိခဲ့ဘူးလို့ တုံ့ပြန်ခဲ့တယ်” ဟု ပြောသည်။
တင်းမကျေးရွာသား ၁၈ ဦးကို တာဝန်ယူမှုမရှိဘဲ အစအနဖျောက်ခြင်းသည် အလွန်တရာ ကြီးမားသည့် လူ့အခွင့်ရေး ချိုးဖောက်မှုပင်ဖြစ်ကြောင်း ဦးမြတ်ထွန်းက ပြောဆိုသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပျောက်ဆုံးနေသည့် တင်းမရွာသားအမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာများက မေးမြန်းရာတွင် တင်းမရွာသားများကို စစ်တပ်က ဖမ်းဆီးခြင်းမရှိဟု မပြောလိုဟု ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်အနေနဲ့ ဖမ်းတာဆီးတာမျိုး မရှိဘူးလို့လည်း ကျနော်မပြောဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ သိကို မသိရှိသေးတာ။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရမယ့် လမ်းကြောင်းတွေ ရှိတယ်။ ပြောနိုင်တဲ့ လမ်းကြောင်းတွေ ရှိတယ်။ အဲဒီ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်းတန်းနိုင်တဲ့ နေရာတွေ၊ ပြောနိုင်တဲ့ နေရာတွေကို လွတ်လပ်စွာတိုင်ကြားနိုင်ခွင့် ရှိတယ်။ ပြောပိုင်ခွင့် ရှိတယ်” ဟု ပြောဆိုဖြေကြားသည်။

၎င်းတို့ ၁၈ ဦး စလုံးမှာ ယနေ့ အချိန်ထိ ပျောက်ဆုံးနေပြီး ရဲစခန်းအချုပ်ထဲသို့လည်း ရောက်ရှိခြင်းမရှိသလို စစ်တပ်ထဲတွင် ထိန်းသိမ်း၍ ရှိ /မရှိကိုလည်း မိသားစုများက မသိရှိဘဲ ဖြစ်နေကြရသည်။

တင်းမကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာသားများမှာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး ကျေးရွာအတွင်းရှိ လူနေအိမ် ၁၀၀ ကျော်သည်လည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ရွာသားများသည် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရဆဲ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here