၂၀၂၄ ခုနှစ် ၁၁ လတာအတွင်း စစ်တပ်နှင့်ရဲဝန်ထမ်း ၅၀၀ နီးပါး ပြည်သူ့ရင်ခွင်ထံ ဘက်ပြောင်းခိုလှုံခဲ့ဟုဆို

0
90
Photo - ပြည့်သူ့ရင်ခွင်

ပြည်သူ့ရင်ခွင် ခိုလှုံရေးထံသို့ ယခု ၂၀၁၄ ခုနှစ် ၁၁ လတာအတွင်း စစ်ကောင်စီတပ်ဘက်က ဒုတိယဗိုလ်မှူးကြီး အဆင့်နှင့် ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူးအဆင့် အပါအဝင် ၄၇၅ ဦး ဆယ်သွယ်ခိုလှုံလာသည်ဟု အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) က ပြောဆိုသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာလ ၁၀ ရက် နေ့က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်တွင် ထိုသို့ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

ဦးနေဘုန်းလတ်က “၂၀၂၄ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လ ကာလအတွင်းမှာ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ပြီး ခိုလှုံလာတဲ့သူ ခြေလျင်တပ်သား ၃၀၂ ဦး၊ ရေတပ်သား ၁၁ ဦး၊ လေတပ်သား ၁၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၃၃ ဦး၊ အကျဉ်းဦးစီးဝန်ထမ်း ၅ ဦး စုစုပေါင်း ၄၇၅ ဦး ရှိခဲ့ပါတယ်” ဟု ပြောသည်။

ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူများထဲတွင် အဓမ္မစစ်သားစုဆောင်းခြင်း ခံရသူများလည်း ပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။

“ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သူတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကို ခံခဲ့ရသူလည်း ပါဝင်ခဲ့ ပြီးတော့ စုစုပေါင်း ၃၃ ဦး ရှိခဲ့ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

ပြည်သူ့ရင်ခွင် ခိုလှုံလာသူ ၄၇၅ ဦး အထဲမှ ၁၉၁ ဦး သည် လက်နက်နှင့်အတူ ဝင်ရောက်လာသူများဖြစ်ပြီး ၎င်းတို့ ယူဆောင်လာသည့် လက်နက်အမျိုးအစားပေါ်မူတည်၍ ပြည်သူရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော် မှု ကော်မတီက ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ ၃ နှစ်ကျော် ကာလအတွင်း စစ်သား ၃,၇၀၀ ဦးကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ဦး ကျော်ဖြင့် စုစုပေါင်း ၁၅,၀၀၀ ဦးခန့် ပြည်သူ့ရင်ခွင် ခိုလှုံလာပြီး ၎င်းတို့နှင့်အတူ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆို ခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါသည်။

ပြည်သူရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီသို့ ခိုလှုံလာသည့် မိသားစုဝင်များကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပံ့ပိုးပေးလျှက်ရှိသည်ဟု NUG က ဆိုသည်။

ပြည်သူရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီနှင့် ချိတ်ဆက်လာခြင်းမရှိဘဲ နည်းလမ်းပေါင်းစုံဖြင့် စစ်ကောင်စီထံမှ လမ်းခွဲခဲ့ကြသူများ၊ တပ်အတွင်း အာဏာဖီဆန်မှု ပြုလုပ်နေကြသူများနှင့် တပ်တွင်းမှ တနည်းနည်းဖြင့် ကူညီပံ့ပိုး ပေနေကြသူများလည်း ရှိနေပြီး ၎င်းတို့၏ အားထုတ်မှုများကိုလည်း အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်း ဦးဘုန်းလတ်က ပြောသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေဖြင့် သွေးထွက်သံယိုနည်းနိုင်သမျှ နည်းစေရေးနှင့် တော်လှန်ရေး အောင်နိုင်ရေးကို ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံမှု အစီအစဉ်ကို ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီနှင့်လမ်းခွဲပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်လက်ခံ ကူညီပေးလျှက်ရှိသည်ဟု NUG က ဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here