ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်ပြီး ၁၁၁၁ စစ်ဆင်ရေးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဆင်နွှဲခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ဆင်ရေးရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီက လွိုင်ကော်မြို့ကို တိုက်လေယာဉ်နဲ့ ၃၆၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စာရင်းအရ သိရှိရသည်။
“လွိုင်ကော်မြို့ကတော့ တော်တော်ပျက်စီးမယ်လို့ ယူဆရပါတယ်” လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောသည်။
စစ်ကောင်စီတပ်က ကရင်နီပြည်ရဲ့မြို့တော် လွိုင်ကော်မြို့ပေါ်ကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ အထိ ၂၅ ရက်အတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် မြို့ခံတွေရဲ့နေအိမ် ရာနဲ့ချီပြီး ပျက်စီးသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ခန့်မှန်းရတော့ခက်တယ်ပေါ့။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေပျက်တာကတော့ ရာချီရှိတာပေါ့။ ဆိုတော့ ခန့်မှန်းရတော့ခက်တယ်။ ဘယ်ရပ်ကွက်တွေမှာ အများဆုံးဖြစ်လဲဆိုတော့ လောလောဆယ် ဒီတက္ကသိုလ်နဲ့ အနီးတဝိုက်က ရပ်ကွက်တွေမှာ အများဆုံးဖြစ်တယ်လို့တော့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော။ အဲဒီတော့ ဒီတက္ကသိုလ်ရဲ့ ဘေးပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ် ဆိုတော့လေ။ အဲဒီအဘေးမှာရှိတဲ့ ရပ်ကွက်တွေကတော့ ပျက်စီးမှုအများဆုံး ရပ်ကွက်တွေကတော့ ပြောလို့ရတယ်” လို့ ၎င်းက ပြောသည်။
လွိုင်ကော်မြို့တွင်းတိုက်ပွဲအတွင်း စစ်ကောင်စီက မြေပြင်ထိုးစစ်ကို အသုံးမပြုနိုင်တော့တဲ့အတွက် လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ အဆမတန်သုံးစွဲပြီး လွိုင်ကော်မြို့ကို လက်မလွတ်ရရေး ကြိုးစားနေရတယ်လို့ ၎င်းက ပြောဆိုသည်။
စစ်ကောင်စီက အရပ်သားတွေရှိနေသည့် လူနေရပ်ကွက်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနဲ့ နေအိမ်၊ အဆောက်အအုံ ပျက်စီးမှုများနေတာ ဖြစ်တယ်လို့ မြေပြင် သတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရသည်။
“ကျနော်တို့ အိမ်နားမှာ ကြဲတယ်။ အိမ်တော့ ကြေကုန်ပြီလား၊ ကျန်သေးလားတော့ မသိဘူး။ တိမ်းရှောင်နေတော့ ကိုယ်တိုင်မတွေ့ရဘူးဆိုတော့လေ။ ဒါပေမယ့် အဲ့လောက်အထိ ပစ်ချတာ။ သူတို့ပစ်ချတာ လေယာဉ်ပေါ်က ဗုံးကြီးကြီးလေနော။ ဘာမှ ပြန်လုပ်လို့ မရတာ။ ပျက်ကုန်ပြီပေါ့။ လူသာဆို အစအနတောင် ဘယ်ကျန်ပါတော့မလဲ” လို့ နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါသည်။
နိုဝင်ဘာ ၁၁ ရက်နေ့ ကနေ ၂၇ ရက်နေ့ အထိ လွိုင်ကော်တွင် အရပ်သား အမျိုးသားသေဆုံးသူ ၃၄ ဦး၊ အမျိုးသမီး သေဆုံးသူ ၁၈ ဦး၊ အသက်မပြည့်သေးသည့် ကလေးငယ်သေဆုံးသူ ၁၂ ဦး၊ အမည်နဲ့ ကျား၊မ ကို အတည်မပြုနိုင်သေးသည့် သေဆုံးသူ ၁၀ ဦးနဲ့ ဘာသာရေးအဖွဲ့အစည်းမှ သေဆုံးသူ ၂ ဦး စုစုပေါင်း ၇၆ ဦးအထိ ရှိနေပြီလို့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ Karenni Humanitarian Aid Initiative (KHAI) က ထုတ်ပြန်ထားသည်။
သေဆုံးသူ ၇၆ ဦးထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူ ၂၄ ဦးအထိရှိတယ်လို့ KHAI ရဲ့ စာရင်းအရ သိရှိရသည်။
လက်ရှိအချိန်တွင် လွိုင်ကော်မြို့ခံလူထု၏ ၈၀ ရာခိုင်နှုန်းဟာ မြို့ကိုစွန့်ခွာတိမ်းရှောင်နေကြရပြီး ကရင်နီနဲ့ ရှမ်း – ကရင်နီ နယ်စပ်ဖြစ်တဲ့ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့က စစ်ဘေးရှောင်နေရတဲ့ ကရင်နီလူထု ၃ သိန်းအထိ ရှိလာတယ်လို့ IEC က ခန့်မှန်းပြောဆိုထားသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။