အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများသည် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အထိ ကူးစက်လာပြီးနောက် ပုသိမ်ထောင်ရှိ အကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များက ပိုမိုကန့်သန့် တင်းကြပ်လိုက်သည်ဟု အကျဉ်းထောင်နှင့်နီးစပ်သူများက ပြောသည်။
ယခုဖေဖော်ဝါရီလ အစပိုင်းကတည်းကစ၍ ပုသိမ်ထောင်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပါဆယ်ပို့ရာ၌ ဟင်း ၃ မျိုး၊ ကော်ဖီမစ် ၇ ထုပ်သာ လက်ခံပြီး စာအုပ်နှင့် လိုအပ်သည့် ဆေးဝါးများကိုလည်း သယ်ယူခွင့် ပိတ်ပင်ထားသည်ဟု ၎င်းတို့က ပြောဆိုသည်။
“ထောင်ထဲမှာ စားရေးသောက်ရေး ခက်ခဲလာတာနဲ့အမျှတော့ ကိုယ်ခံအားချိနဲ့မှု ပြဿနာပေါ့နော်။ အထူးသဖြင့် တော့ ခန္ဓာကိုယ်အောက်ပိုင်းချိနဲ့မှုပြဿနာ ထောင်အခေါ် တုတ်စွဲခြင်း ရောဂါဝေဒနာတွေတော့ ရင်ဆိုင်ရဖို့ ရှိပါတယ်။ ဒါဟာ အဟာရချို့တဲ့လာတာနဲ့အမျှ မိသားစုဝင်တွေက ပေးပို့တဲ့ထောင်ဝင်စာတွေ ကန့်သတ်လာတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
သို့ဖြစ်၍ လက်ရှိအကျဉ်းသားများမှာ ဟင်းမလုံလောက်တာကြောင့် ထောင်အာဏာပိုင်များက ၃ ဆ ဈေးတင် ရောင်းချသည့် ထောင်တွင်းဈေးဆိုင်၌သာ ဈေးကြီးပေးဝယ်စားနေရသည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။
ထို့အပြင် ထောင်တွင်းသုံးရေများတွင်လည်း ခဲဓါတ်များခတ်ထားသဖြင့် သက်ကြီးရွယ်အို နိုင်ငံရေးအကျဉ်းသားများမှာ ခဲဆိပ်သင့်ပြီး အောက်ပိုင်းအားအင်ချိနဲ့သည့် တုတ်ဆွဲခြင်းရောဂါများ ဖြစ်ပွားနေကြသည်ဟု PPNM တာဝန်ရှိသူများက ပြောသည်။
ပုသိမ်ထောင်တွင် ထောင်တွင်းဖိနှိပ်မှုများအပြင် ထောင်အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံနေပြီး ထောင်ဝင်စာရရန်လည်း လာဘ်ထိုးနေရသည်ဟု ထောင်နှင့်နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ပုသိမ်ထောင်တွင် အကျဉ်းသားများအခွင့်အရေးအတွက် ဆန္ဒပြမှုကြောင့် ထောင်အာဏာပိုင်များမှ ပစ်ခတ်နှိမ်နှင်းခဲ့ရာ ၉ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးခဲ့ဖူးသည်။
NMG ပေးပို့သည်။