အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်လာရောက်အပ်ရန် KNLA အသိပေးထုတ်ပြန်

0
160

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ရန် အတင်းအကြပ်စေခိုင်းခံရ၍ အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်း စစ်မျက်နှာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိမိတို့အသက်ရှင်သန်ရေးအတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA ထံ လာရောက်လက်နက်အပ်နှံရန် KNLA ဗဟိုဌာနချုပ်က ထုတ်ပြန် အသိပေးလိုက်သည်။

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင် ကော့ကရိတ်မှ မြဝတီမြို့ဘက်သို့တက်ရန် အောင်ဇေယျအမည် အင်အားအများအပြား အသုံးပြုထားသော စစ်ဆင်ရေးကြီးတရပ်ကို ပြီးခဲ့သည့် ဧပြီလပိုင်းက စတင်၍ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

သံချပ်ကာကားများ၊ အမြှောက်များဖြင့် တပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့် အသုံးပြု၍ အာရှလမ်းမကြီးမှ ဒေါနတောင်ကို ဖြတ်ကျော်တက်ရန် ကြိုးပမ်းလာသည့် အောင်ဇေယျစစ်ကြောင်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက လက်ရှိအချိန်ထိ ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနေကြောင်း စစ်ရေးသတင်းအရင်းအမြစ် ပြောဆိုချက်အရ သိရသည်။

ထိုအခြေအနေကြောင့် စစ်ဆင်ရေးရှေ့တန်းတွင် မိမိ၏သဘောဆန္ဒမပါဘဲ အတင်းအကြပ် ခိုင်းစေခံရမှုကြောင့် ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် နိုင်ငံတကာဥပဒေနှင့်အညီ အသက်ရှင်ခွင့်ရလိုပါက KNLA နှင့် လာရောက်ပူးပေါင်း လက်နက်အပ်နှံကြရန် ဇူလိုင် ၅ ရက်နေ့ ထုတ်ပြန်ချက်မှတဆင့် KNLA ဗဟိုက အသိပေးထားသည်။

KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက “အသိပေးရခြင်း ရည်ရွယ်ချက်က အောင်ဇေယျစစ်ဆင်ရေးမှာ စကစ တပ်ဖွဲ့ဝင်တွေက ရောက်တာ လေးလလောက် ရှိနေပြီ။ အဲဒီအထဲမှာ အသစ်ရော အဟောင်းရော ရှိတယ်။ အသစ်တွေထဲမှာဆိုရင် သူတို့ဆန္ဒမပါဘဲ စစ်တိုက်နေရတဲ့သူတွေ ရှိတယ်။ ဒီလူတွေကို လွယ်လွယ်လေးနဲ့ ထွက်ပြေးလို့ရအောင် အသိပေးလိုက်တာဖြစ်တယ်” ဟု ပြောသည်။

KNLA ထံ ပူးပေါင်းလာသူများအနေဖြင့် မိမိတို့လက်ရှိ ရောက်ရှိရာနေရာမှ KNLA ရှေ့တန်းသို့ ကျည်ဖြုတ် ထားသော သေနတ်အား ခေါင်းကိုမြေကြီးအောက်ချ၍ မိမိတို့နောက်ကြောဘက် လွယ်ပိုးပြီး လက်ဗလာဖြင့် လာရောက်ရန် ဖြစ်ကြောင်းလည်း KNLA ဗဟိုဌာနချုပ်က ဆိုသည်။

အဆိုပါထုတ်ပြန်ချက် မတိုင်ခင်ကတည်းက အောင်ဇေယျစစ်ကြောင်းတွင် ပါဝင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ KNLA ထံသို့ လက်နက်အပ်နှံ ပူးပေါင်းမှု ရှိကြောင်း KNU ပြောခွင့်ရသူနှင့် KNLA ဗဟို၏ လူမှုကွန်ရက် စာမျက်နှာတို့မှတဆင့် သိရသော်လည်း အရေအတွက် အတိအကျကိုမူ အသေးစိတ်ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပါ။

အောင်ဇေယျစစ်ဆင်ရေးမှ လွတ်မြောက်လာသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၁၁၂ မှ တပ်သားဖြိုးဇော်က “ကျနော်ကတော့ သူငယ်ချင်းကြောင့်နဲ့ အလုပ်မှာ စကားများလို့ စစ်တပ်ထဲ ရောက်သွားတာ။ အခု စစ်မတိုက်ချင်လို့ ထွက်လာတာ လုပ်လည်းမလုပ်ချင်တော့ဘူး။ သူတို့ခိုင်းတာမလုပ်ရင် ဆဲတယ်။ ကန်တယ်။ တခါတလေ ထိုးပါထိုးတယ်။ သူတို့မှာ နောက်ခံအင်အား ဒီလောက်မရှိတော့ဘူး။ ဆရာတွေဆို မိသားစုရှိတော့ ငဲ့ပြီး တပ်ထဲမလုပ်ချင်ဘဲ လုပ်နေရတယ်။ ထွက်လို့လည်း မရဘူး။ တချို့ကြတော့လည်း ပြေးရော” ဟု KNLA ဗဟို၏ ဖေ့ဘွတ်ခ်စာမျက်နှာမှတဆင့် ဖွင့်ဟပြောဆိုထားသည်။

တဖက်တွင်လည်း စစ်ဆင်ရေး စသည့်နေ့မှ ၃ လ နီးပါး ကြာသည်အထိ မြဝတီမရောက်ဘဲ အသေအပျောက်များလာသော စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေဖြင့် တပ်တွင်းရောက်ရှိလာသော အပတ်စဥ် (၁) စစ်သင်တန်းဆင်းများကို ၎င်းတို့စစ်ကြောင်းများအတွင်း ပါဝင်အားဖြည့်ရန် အသုံးပြုခြင်းကိုပါ လတ်တလော လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

အထက်ပါ ထုတ်ပြန်ချက်နှင့် တဆက်တည်းမှာပင် ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ဆင်ရေးနှင့် စစ်ဆင်ရေး နောက်တန်းနေရာအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့်အတူ အစွမ်းကုန်ပူးပေါင်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း KNLA ဗဟိုဘက်က ထပ်မံထုတ်ပြန်ထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here