အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့စစ်ကောင်စီတပ်စခန်း ၂ ခုကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

0
364

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို နိုဝင်ဘာလ ၁၃ ရက်မှာ သိမ်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောသည်။

ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို နိုဝင်ဘာလ ၁၂ ရက်ကတည်းက ချင်းအမျိုးသားတပ်ဦး (CNF)၊ CDF-Hualngoram၊ CDF – ထန်တလန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခဲ့ရာ နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းတွင် ရိခေါဒါရ်မြို့ အမှတ် ၁ ရပ်ကွက် တောင်ကုန်းပေါ်က စစ်တပ် အထိုင်းစခန်းတစ်ခုကို သိမ်းနိုင်ခဲ့ပြီး ညနေပိုင်းတွင် အမှတ် ၂ ရပ်ကွက် (တီယိုချောင်း) တောင်ကုန်းပေါ်က စခန်းတစ်ခုကို ထပ်မံသိမ်းနိုင်ခဲ့သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးသူ ရဲဘော်တချို့လည်း ရှိခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း ကျဆုံးခဲ့သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA သတင်းဌာနကို အတည်ပြုဖြေကြားထားသည်ကို တွေ့ရသည်။

စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၇ ယောက် လက်နက်ချခဲ့ပြီး အများစုမှာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားသူများလည်း ရှိသည်ဟု ဆလိုင်းထက်နီက အတည်ပြုပြောထားသည်။

ယင်းတပ်စခန်း ၂ ခုသည် အိန္ဒိယ- မြန်မာ အမှတ်(၂) ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့တွင်ရှိသောကြောင့် စစ်ကောင်စီ၏ ကုန်သွယ်ရေးနှင့် စီးပွားရေကို ဖြတ်တောက်လို၍ သိမ်းခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး အိန္ဒိယနိုင်ငံဘက်တွင်လည်း လက်နက်ကြီးများ ကျရောက်ခဲ့သောကြောင့် စစ်ဘေးရှောင် ၁ ဦး သေဆုံးကာ ကလေး ၁ ဦးနှင့် လူကြီး ၁ ဦး ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲကြောင့် ရိဒ်ခေါ်ဒါရ်မြို့ ဒေသခံပြည်သူများအားလုံး တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင် ထွက်ပြေနေရသည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here