အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့တွင် မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

0
347
Photo - Explore Manipur

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ် မိုရေးမြို့ Phaicham Veng ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံပြည်သူအချို့ အပါအဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ကျော်ခန့်ကို နိုဝင်ဘာ ၁ ရက် မနက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြုကာ ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကွန်မန်ဒိုရော၊ ရဲ‌ရော၊ Army ‌ရော စုပေါင်းပြီးတော့မှ စစ်ဆေးပြီးတော့မှ ရဲစခန်းကို ခေါ်သွားတယ်။ အခုထိတော့ စစ်ဆေးမေးမြန်းတုန်း ဖြစ်တယ်ပေါ့နော်။ ကျန်တဲ့ရပ်ကွက်တွေလည်း ရပ်ကွက်အလိုက် စစ်ဆေးရေးဝင်နေတယ်” ဟု မိုးရေးမြို့တွင်နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေက မြန်မာနယ်စပ်မြို့ဖြစ်သော မို‌ရေးမြို့အတွင်း ရဟပ်ယာဥ်ကွင်း ဆောက်လုပ်မှု ကွင်းဆင်းစစ်ဆေးနေသူ မဏိပူရ်ရဲအရာရှိတစ်ဦး စနိုက်ပါသေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရမှုဖြစ်ပြီးတဲ့နောက်မှာ လုံခြံရေးတင်းကြပ်ကာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့အပါဝင် မဏိပူရ် ရဲကွန်မန်ဒိုတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့ ပူးပေါင်းကာ မိုရေးမြို့တွင်း စစ်ဆေးမှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုပြုလုပ်ရာတွင် မဏိပူရ်ဒေသခံ ကူကီးလူမျိုး ၁၁ ယောက် အပါအဝင် အထောက်ထားမဲ့ မြန်မာစစ်ဘေးရှောင် ၃၂ ယောက် အားလုံးစုစုပေါင်း အယောက် ၄၄ ဦး ကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့အရင် ရပ်ကွက်အလိုက် ယာယီကတ်လုပ်ဖို့ရန်အတွက် Biometric ရိုက်ဖို့ လုပ်တာတွေရှိတယ်။ အဲ့တာတွေထဲ ပါမပါ အဲ့တာတွေလည်း စစ်တယ်၊ အထောက်ထားတွေ ဘာတွေစစ်တယ်။ ပြီးတော့ ကျွန်တော်တို့ ကြားတာက အဲ့ဒီလိုလုပ်ထားပြီးတော့ Biometric တွေ ရိုက်ပြီးတော့မှ ပြန်လွတ်မယ် ကြားတယ်။ ဒါပေမဲ့ သေချာပေါက် အခုဘာဖြစ်မလဲဆိုတာ အဖြေမထွက်သေးဘူး။ အဲ့တော့ ယောကျားလေး ၉ ယောက်ကို တခြားနေရာ ခေါ်သွားတယ်လို့ ကြားတယ်။ ဘယ်နေရာ ခေါ်သွားမှန်းလည်း မသိဘူး။ ကျန်တဲ့လူတွေက ရဲစခန်းမှာ ရှိနေတုန်းပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မဏိပူရ်ပြည်နယ်အစိုးရသည် ယခင်ကလည်း မြန်မာနိုင်ငံက စစ်ဘေးရှောင်များကို ဖမ်းဆီးကာ နေရပ်ပြန်ပို့မှုများ လုပ်ဆောင်ခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here