အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ရှမ်းနီတိုင်းရင်းသား ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ 

0
235
ပုံစာ - မဏိပူရ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့်စစ်ဘေးရှောင်များ။
မြန်မာ-အိန္ဒိယနိုင်ငံနယ်စပ် မဏိပူရ်ပြည်နယ်အတွင်း ရှမ်းနီတိုင်းရင်းသား တစ်ထောင်ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း International Tai Meitei (Kassay) Association (နိုင်ငံတကာ တိုင်း (ရှမ်း) မီတဲ (ကသည်း)) အရပ်အဘက်အဖွဲ့အစည်း (အိန္ဒိယ) အဖွဲ့မှ ပြောဆိုသည်။ 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း သနန်ကျေးရွာ၊ စိုးသာယာကျေးရွာ၊ အောင်ဇေယျ ကျေးရွာများမှ ရှမ်းနီ ၁၀၆၆ ဦး သည် မဏိပူရ်ပြည်နယ်အတွင်းကို ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း International Tai Meitei (Kassay) Association က ဆိုသည်။
ထွက်ပြေးတိမ်းရှောင်သွားကြသည့် ရှမ်းနီတိုင်းရင်းသားများတွင် အသက် ၁၀ နှစ်အောက် ကလေးသူငယ် ၂၆၂ ဦး ပါဝင်ပြီး အမျိုးသမီး ၅၀၀ ကျော်  ပါဝင်ကြောင်း သိရသည်။
“တိုင်း (ရှမ်း)၊ ရှမ်းနီတွေဟာလည်း ငါတို့ညီအစ်ကိုတွေ ဖြစ်တဲ့အတွက် အခု သူတို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ငါတို့ မီသဲ (ကသည်း) တွေအနေနဲ့ သူတို့ကို ကူညီသင့်ပါတယ်” လို့ အဆိုပါ ITMA အဖွဲ့ဥက္ကဌ မဟက်ဆန်ရက်ကူးမားက ဆိုသည်။
မဏိပူရ်ပြည်နယ်အစိုးရကိုလည်း   ထွက်ပြေးတိမ်းရှောင်လာသည့် ရှမ်းနီဒုက္ခသည်တွေများကို ငွေကြေးအပြင် ကူညီထောက်ပံ့ပစ္စည်းများ တိုးချဲ့ပေးအပ်ဖို့အတွက် ITMA အဖွဲ့က တောင်းဆိုထားသည်။
ITMA နဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ ရှမ်းအရပ်ဘက်အဖွဲ့များက စစ်ဘေးရှောင်လာသည့် ရှမ်းနီတိုင်းရင်းသား များထံကို သွားရောက်ခဲ့ပြီး ကူညီထောက်ပံ့မှုတချို့ကို ဒီဇင်ဘာလ ၂၁  ရက်နေ့တွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့က သနန်ကျေးရွာအပါအဝင် အနီးတဝိုက်ကျေးရွာများတွင် ကူကီးအမျိုးသား တပ်မတော် KNA-burma နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် CNDF/ (CRDF) ၊ တမူးခရိုင် PDF တပ်ဖွဲ့ တို့က ကျေးရွာအတွင်း တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းကြောင့် ထိုဒေသခံများမှာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။
ရှမ်းနီအမျိုးသားများအစည်းအရုံး SNUA က ယခုဖြစ်ရပ်သည် ရှမ်းနီတိုင်းရင်းသားများကို ကျေးရွာအတွင်းမှ အဓမ္မ နှင်ထုတ်ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့သည်။
SNUA ၏ သတင်းထုတ်ပြန်ချက်အရ တမူးမြို့နယ် အောင်ဇေယျကျေးရွာ မှ   ၅၈၁ ဦး ၊ သနန်ကျေးရွာမှ ၂၅၈ ဦး ၊  စိုးသာယာကျေးရွာ မှ ၂၂၇ ဦး စုစုပေါင်း  ၁၀၆၆ ဦး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။
ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here