အာရက္ခတပ်တော် (AA) က ခရိုင်မြို့ကြီး ၅ မြို့အထိ သိမ်းပိုက်နိုင်ပြီဖြစ်

0
213
Photo – AA Info Desk

ယခုဒီဇင်ဘာလအတွင်း အာရက္ခတပ်တော် (AA) က ရခိုင်က ခရိုင်မြို့ကြီး ၂ ခုဖြစ်သည့် မောင်တောမြို့နှင့် တောင်ကုတ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အာရက္ခတပ်တော် (AA) သည် ခရိုင်မြို့ (၅) မြို့ အထိ သိမ်းပိုက်နိုင်ခဲ့သည်ဟု နိုင်ငံရေးစစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုသည်။

အာရက္ခတပ်တော် (AA) သည် မောင်တောမြို့ကို ဒီဇင်ဘာ ၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ကုတ်မြို့ကို ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာရက္ခတပ်တော် (AA) သည် မြန်မာနိုင်ငံ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များထဲတွင် ခရိုင်မြို့ (၅) မြို့အထိ တိုက်ခိုက်သိမ်းပိုက်နိုင်သည့် တော်လှန်ရေးအဖွဲ့အစည်းတခု ဖြစ်လာသည်ဟု ဒေသတွင်းလေ့လာစောင့်ကြည့်သူများက ပြောပါသည်။

ရခိုင်တွင် စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် သံတွဲ စသည့် ခရိုင် (၇) ခရိုင် ရှိရာတွင် မြောက်ဦး၊ မောင်တော၊ သံတွဲ၊ တောင်ကုတ်ခရိုင် ၄ ခု နှင့်ချင်းပြည်နယ်မှ ပလက်၀ခရိုင်တို့ အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

လက်ရှိတွင် ခရိုင်မြို့တစ်ခုဖြစ်သည် အမ်းမြို့ကိုလည်း အပြီးသတ်သိမ်းပိုက်ရန် အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) ကို AA က အပြင်းအထန် ထိုးစစ်ဆင်နေရာ နပခကို သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟုလည်း မြေပြင်တွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အမ်း အခြေအနေ အားလုံးအခြေအနေကောင်းပါတယ်။ မကြာမီ မျှော်ဆိုသလိုပေါ့နော်။ အာရက္ခတပ်တော် ပြန်ကြားရေးက ထုတ်ပြန်ချက်ကိုသာ စောင့်မျှော်ပါလို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

ရခိုင်တွင် အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်ရန် ခရိုင်မြို့ကြီး ၂ ခု ဖြစ်သော စစ်တွေနှင့် ကျောက်ဖြူမြို့တို့သာ ကျန်ရှိနေပြီး ထိုမြို့များကိုလည်း အာရက္ခတပ်တော်က တိုက်ခိုက်လာနိုင်သည့်အတွက် စစ်ကောင်စီက အင်အားဖြည့်တင်းပြီး ခံစစ်ကို အကြီးအကျယ် ပြင်ဆင်နေသည်ဟုလည်း သတင်းရရှိသည်။

အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့သည့် မြို့နယ်များမှာ ပလက်၀၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ စသည့် မြို့နယ် ၁၃ ခုကို သိမ်းပိုက်ထားပြီးလည်း ဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here