မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးပဋိပက္ခနှင့် ပတ်သက်၍ မီဒီယာအခန်း ကဏ္ဍတွင် အမျိုးသမီးအသံပါဝင်မှု အားနည်းသွားကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများနှင့် မီဒီယာ အသိုင်းဝိုင်းက ပြောသည်။
နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) က ဩဂုတ် ၂၄ ရက်နေ့တွင် ပြုလုပ်သော “တိုင်းရင်းသားမီဒီယာများမှ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ သတင်းတင်ဆက်မှု အခြေအနေ” အွန်လိုင်းဆွေးနွေးပွဲ စကားဝိုင်းတွင် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ တည်ထောင်သူနှင့် အကြံပေးဖြစ်သူ ဒေါ် မီဆူးပွင့်က “ဒီကာလမှာ Women, peace, security နဲ့ ပတ်သက်ပြီး တိတိကျကျ၊ တည့်တည့်မတ်မတ် လုပ်ဆောင်နေတဲ့ အမျိုးသမီးအဖွဲ့တွေ အားနည်း နေသေးသလို၊ မီဒီယာတွေမှာလည်း အားနည်းချက်တွေ အများကြီး ရှိနေသေးတာ တွေ့ရပါတယ်” ဟု ပြောသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး ပျက်ပြားနေပြီး အမျိုးသမီးများ၏ လုံခြုံရေးမှာလည်း စိုးရိမ်စရာ အမြင့်ဆုံးအခြေအနေ ဖြစ်နေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုကြောင့် အမျိုးသမီးဦးရေ ၃,၆၄၇ ဦးမှာ စစ်ကောင်စီ၏ မတရား ပြစ်ဒဏ် ချမှတ်မှုကို ခံထားရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ စာရင်းတွင် ဖော်ပြထားသည်။
“လက်ရှိအခြေအနေမှာ အမျိုးသမီးအရေး၊ ငြိမ်းချမ်းရေးနဲ့ ဘေးကင်းလုံခြုံရေးပိုင်းတွေမှာ အမျိုးသမီးတွေ ပါဝင်မှုက အမှန်တကယ်ပဲ အားနည်းနေတာ တွေ့ရပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဘေးကင်းလုံခြုံရေး ကိစ္စက အမျိုးသမီးတွေအတွက် ဦးဆောင်မှု၊ လမ်းပြမှု လုပ်ဖို့အတွက် အရမ်းအခက်ခဲရှိတဲ့ ပုံစံမျိုးဖြစ်လာပါတယ်” ဟု အမျိုးသမီးအရေးလှုပ်ရှားသူ မမီးချေက ပြောသည်။
စစ်ရေး၊ နိုင်ငံရေးနှင့် ဆက်စပ်၍ အမျိုးသမီးများကို အင်တာဗျူးမေးမြန်းသောအခါ လုံခြုံရေးအခြေအနေကြောင့် အင်တာဗျူး မဖြေဆိုရဲကြ၍ မီဒီယာများတွင် အမျိုးသမီးအသံ ပါဝင်မှုကို မြှင့်တင်ရန် အခက်အခဲများ ရှိနေကြောင်း သတင်းသမားများက ပြောဆိုသည်။
“ကျနော်တို့ကတော့ သတင်းတွေ ရေးသားတင်ဆက်တဲ့အခါ အမျိုးသား၊ အမျိုးသမီးတွေကို စုံအောင်တော့ ထည့်ရေးချင်တာပါပဲ။ ဒါပေမဲ့ အခုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိတဲ့ အခြေအနေဖြစ်နေတော့ များသောအားဖြင့်က အင်တာဗျူး မဖြေချင်ကြဘူး။ ဒါကြောင့် အင်တာဗျူး ဖြေရဲတဲ့သူတွေကိုပဲ ကျနော်တို့က ထပ်ကာတလဲလဲ မေးမြန်းတင်ဆက်နေရတဲ့ အပိုင်းတွေ ရှိတယ်” ဟု ရခိုင်အခြေစိုက် သတင်းထောက်တစ်ဦးက ပြောသည်။
လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသများတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လထိ အမျိုးသမီး ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ပြောဆိုထားသည်။
“ပဋိပက္ခတွေဖြစ်ပြီး ထွက်ပြေးပြီဆိုရင် လတ်တလောဖြစ်နေတဲ့ စားဝတ်နေရေး၊ ကျန်းမာရေးအတွက်ကိုပဲ ဖော်ပြ တင်ပြကြတယ်။ စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စတွေကိုပဲ ဖြေရှင်းနေရတဲ့အခါ တဖက်မှာ အမျိုးသမီးတွေ အခွင့်အရေးနဲ့ ပတ်သက်ပြီး တော်လှန်ရေး မပြီးသရွေ့ ခက်ခဲနေတယ်” ဟု ကချင်အခြေစိုက် Kachin News Group (KMG) အယ်ဒီတာချုပ် ဆမ်နော်က ပြောသည်။
အမျိုးသမီးအရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးသမီးအဖွဲ့များ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်မည်ဆိုပါက နိုင်ငံရေး တည်ငြိမ်ရန်နှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောင့်သည့် ဥပဒေများ ခိုင်မာရန် လိုအပ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။