အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်လက်ချက်ကြောင့် ကယားအရပ်သားပြည်သူ ၃၀၀ ကျော်နှင့် စစ်ဘေးရှောင် ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း PKPF ထုတ်ပြန်

0
587

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ ၂ နှစ် ကျော်အတွင်း (ကရင်နီ) ကယားပြည်နယ်ထဲ၌ စစ်တပ်၏လက်ချက်ဖြင့် အရပ်သားပြည်သူ ၃၀၀ ကျော် နှင့် စစ်ဘေးရှောင် နေရသူ တစ်ရာကျော်တို့ အသတ်ခံခဲ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင် အားစု PKPF က သတင်းထုတ်ပြန်သည်။

ကရင်နီပြည်နယ်အတွင်း၌ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများနှင့် ပတ်သက်ပြီး စစ်တပ်၏ကျူးလွန်မှုများကို PKPF က စာရင်းပြုစုထားကာ ဧပြီလ ၁ ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ထားခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီး ၂နှစ်နှင့် တစ်လ အတွင်း ကရင်နီပြည်နယ်ထဲက အရပ်သားပြည်သူ ၃၁၃ ဦး သတ်ဖြတ်ခံရကြောင်း၊ စစ်ဘေးရှောင်နေရင်းမှ သေဆုံးသူ ၁၃၄ ဦးရှိကြောင်း၊ မတရားဖမ်းဆီးခံရသူ ၂၇၉ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်နှင့် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၆၅၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၃၁၀ ကြိမ်ရှိခဲ့ကြောင်း၊ ဘာသာရေးအဆောက်အုံ ၃၃ လုံး၊ အရပ်သားပြည်သူနေ အိမ် ၁၄၇၃ လုံး ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်များသည် နေရာတစ်ခုမှ နောက်ထပ်တစ်နေရာသို့ အဆင့်ဆင့် ထပ်မံရွှေ့ပြောင်းနေကြရသည့် စိန်ခေါ်မှုများရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဗညားက ပြီးခဲ့သည့်မတ်လအတွင်းက နိရဉ္စရာကို ပြောထားသည်။

“ တိုက်ပွဲတွေက ဆက်ပြီးပြင်းထန်နေတော့ ဖယ်ခုံ၊ ဒီးမော့ဆိုဖက်တွေ၊ ပိုဆိုးတာက စစ်တပ်ဖက်က နှစ်ဖက်ညှပ်တိုက်တာတွေရှိတော့ စစ်ဘေးရှောင်တွေဟာ သူတို့ရွာတွေမှာ တိုက်ပွဲတွေကြောင့် နေလို့မရလို့ ရွှေ့ပြောင်းနေရင်းကနေ၊ အဲဒီစစ်ဘေးရှောင်စခန်းတွေအထိ တိုက်ပွဲတွေထပ်ဖြစ်လာလို့ နောက်ထပ် နေ ရာကို ထပ်ရွှေ့ရတာပေါ့။”

အဆိုပါတိုက်ပွဲများအတွင်း စစ်တပ်ဖက်မှ သေဆုံးသူ ၁၈၈၃ ဦး ရှိခဲ့ပြီး စစ်တပ်ယာဥ်တန်းမှ စစ်ကား ၅၈ စီး ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်က ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးရွာ စာသင်ကျောင်းကို စစ်တပ်တိုက်လေယာဉ်နှစ်စီးနှင့် ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း၊ မတ်လ ၂၈ ရက်ကလည်း ဒီးမော့ဆို အနောက်ခြမ်း ဒုက္ခသည်စခန်းအနီး လေကြောင်းမှအပစ်ခံရသည့်အတွက် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်တပ်သည် ကယားပြည်နယ်ထဲ၌ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေပြီး မတ်လ တစ်လအတွင်းမှာတင် လေကြောင်းမှ ၈၆ ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်း PKPF စာရင်းအရသိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here