အလှူရှင်မရှိလို့ ပင်လောင်းစစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲကြုံနေရ

0
209

သျှမ်းပြည်၊ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

သျှမ်းပြည်၊ ပင်လောင်းမြို့နယ်သို့ ရောက်ရှိနေကြသည့် ကရင်နီစစ်ဘေးရှာင်များမှာ အလှူရှင်များမရှိသည့် အတွက် စားနပ်ရိက္ခာ၊ စောင်နှင့် ဆေးဝါများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ခုကနောက်ပိုင်း အလှူရှင်တွေက မရှိသလောက်ရှားတယ် ဆိုတာထက် လုံးဝ ရှိကိုမရှိတော့တာ။ တော်တော်လေးလည်း ဖျားနေကြတာ။ သူတို့အတွက်ကလည်း ဘာမှမရှိတော့ဘူး။ ဆေးဝါးတွေလည်း သယ်ရတာ အရမ်းအန္တရယ်များတယ်။ ကျနော်သယ်တုန်းက ဖမ်းခံရတော့မလို့ဘဲ။ အကူညီတောင်းလာတာတွေတော့ ရှိတယ်။ အမိုးအကာတွေ၊ စောင်တွေ အရေးပေါ် လိုအပ်နေတယ်။ ကျနော်လည်း ပေးဖို့မရှိတော့ ဘယ်လိုမှလုပ်လို့မရတဲ့ အနေအထား ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ပင်လောင်းမြို့နယ် စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၃ သောင်းခန့် ရှိပြီး အများစုသည် သက်ကြီးရွယ်အို နှင့် ကလေးငယ် အများဆုံးဖြစ်ကြောင်းနှင့် ဆွေမျိုးအိမ်များသို့ လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များ လည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး အကူညီများလိုအပ်နေကြသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ကရင်နီစစ်ဘေးရှောင်အမျိုးသားတစ်ဦးက “နေ့စားအလုပ်လေးပဲ လုပ်နေရတာ အလှူရှင်တွေက လာကို မလာတာဗျာ။ အလုပ်ကလည်းရှားတော့ ရှိတာလေးနဲ့ စားသောက်နေရတာ။ ငရုတ်သီးခူးတာကလည်း ပြီးသွားပြီ။လူဦးရေများပြီး အလုပ်က ရှားတာပေါ့။ ငရုတ်သီးခူးတုန်းက နို့ဆီဘူးတစ်လုံးမှ ၂၅၀ ကျပ်ပဲ ရတာလေ။ ပင်လောင်းကလည်း ဘာမဆိုဈေးကြီးနေတာရော၊ ရေတွေ ကလည်းရှား၊ နေရတာလည်း အေးတယ်။ ဘာမှလည်း ရှာစားလို့ မတတ်ဘူး။ ရေတွေလည်း ဝယ်သုံးနေရတာပေါ့။ ထင်းတွေလည်း ရှားတယ်” ဟု ပြောသည်။

အလားတူ အောင်ပန်းဂိတ်၊ နောင်တရားဂိတ်၊ ပင်လောင်းမြို့အဝင်အထွက်ဂိတ်၊ရင်းမှီးရွာအနီးနှင့် ဆောင်းပြောင်းဂိတ်‌တို့တွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက စားသောက်ကုန်များ၊ အဝတ်အစားများ၊ မိုးကာများနှင့် ဆေးဝါးများကို သယ်ယူဖြတ်သန်းရန် ခွင့်မပြုသဖြင့် စစ်ရှောင်များအတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။

သျှမ်း-ကရင်နီ နယ်စပ်တကြော “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် နိုဝင်ဘာလ ၁၅ ရက်က ထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင်ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာကြသည့် ကရင်နီစစ်ရှောင်များမှာ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များ၌ လာရောက်စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေးနှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here