အလယ်ကယန်းဒေသတွင် ကုန်ပစ္စည်းဈေးနှုန်းနှစ်ဆကျော်မြင့်တက်လို့ စစ်ဘေးရှောင်များ အခက်ကြုံ

0
314
Photo - ဖယ်ခုံဒေသက ကုန်အရောင်းဆိုင်တစ်ဆိုင် (PDF/Pekhon)

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသတွင် ကုန်ပစ္စည်းဈေးနှုန်း နှစ်ဆကျော် မြင့်တက်လာသောကြောင့် စစ်ဘေးရှောင်များ အခက်တွေ့နေကြကြောင်း ကူညီပေးနေသူများက ပြောသည်။

ယခုနှစ် ဇွန်လ အစောပိုင်းကစပြီး စစ်ဘေးရှောင်များနှင့် နိုင်ငံရေးအရ လာရောက်ခိုလှုံသူများ ပိုတိုးလာသည့် အလယ်ကယန်း ဆီးဘူးဒေသတွင် စားသောက်ကုန် ပစ္စည်းများ အပါအဝင် လူသုံးကုန် ပစ္စည်းများပါ နှစ်ဆ ဈေးမြင့် တက်လာသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

“အရမ်းဈေးကြီးတယ်။ ဘယ်လောက်တောင် ဈေးကြီးလဲဆို ချယ်ရီကုန်းမှာ ခရမ်းချဉ်သီး တစ်ပိဿာ ၂,၀၀၀ ဆိုရင် ဒီမှာ ၄,၀၀၀ အဲလိုမျိုး ရောင်းတယ်။ အင်္ကျီကို ဘယ်လောက်တောင် အမြတ်တင်လဲဆိုရင် ကိုယ်တိုင် တွေ့လာတာ D2 Jacket အင်္ကျီ ကျပ် ၂၄၀၀၀ ရောင်းတာနော်။ ဒီမှာ ဘယ်လောက်ရောင်းလဲ သိလား။ ၅၂၀၀၀ ရောင်းတယ်” ဟု ၎င်းက ပြောဆိုသည်။

ဆီးဘူးဒေသရှိ ဈေးသည်များက ဒေသတွင်း လာရောက်ခိုလှုံသူများကိုသာ စျေးနှစ်ဆတင်ရောင်းခြင်းဖြစ်ပြီး ဒေသခံများကို မူရင်းဈေးအတိုင်း ရောင်းချပေးသည်ဟု ဆီဘူးဒေသခံတချို့က ဆိုသည်။

လက်ရှိအချိန်၌ ဆီးဘူးဒေသတွင် ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၈ သောင်း၊ မိုးဗြဲရှမ်းဆန် တစ်အိတ်ကို ကျပ် ၁ သိန်းအထိ မြင့်တက်လာပြီး ပေါ်ဆန်းမွှေးနှင့် အခြားဆန်များမှာ ဝယ်၍ မရတော့ကြောင်း စစ်ရှောင်များနှင့် ၎င်းတို့အား ကူညီပေးနေသူများက ပြောသည်။

ထို့အပြင် စားအုန်းဆီ ဈေးနှုန်းမှာ ၃ ပိဿာ (၅ လီတာ) တစ်ဘူးကို ကျပ် ၉ သောင်းအထိ ဈေးမြင့်လာသောကြောင့် စစ်ဘေးရှောင်များက ရေလုံပြုတ်သာ ချက်စားနေရကြသည်ဟု ကူညီပေးနေသူတစ်ဦးက အခုလို ပြောသည်။

“ဒီဒေသမှာ စစ်ဘေးရှောင်တွေက ခက်ခဲကြတယ်။ သူတို့ ဈေးဝယ်တောင် မတတ်နိုင်ကြဘူး။ အဲဒါနဲ့ အလှူရှင်တွေ လှူတဲ့ဟာပဲ စားတယ်။ ဖြစ်ချင်တော့ အလှူရှင်တွေလည်း ကယားပြည်နယ်ကို ပိုလှူကြတယ်။ ဒီဘက် ရှမ်းပြည်နယ်ကျတော့ သိပ်မလှူခံရဘူး။ အဲတော့ ဒီဘက်က လူတွေ ခက်ခဲကြတယ်။ အဲဒါကြောင့်လည်း စစ်ဘေးရှောင်တွေက မိုးဗြဲတို့ ဖယ်ခုံတို့မှာပဲ သွားသွားနေကြတယ်။ ဒီဘက်ကို များသောအားဖြင့် မလာကြဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်ဘေးရှောင်များကို ပေးလှူနေသည့် အဖွဲ့အစည်းများသည်လည်း ကရင်နီဒေသကိုသာ အားစိုက်လှူကြခြင်းကြောင့် အလယ်ကယန်းဒေသသို့ အလှူရှင်များ ရောက်မလာသည်မှာ ၆ လ ကျော်ကြာရှိပြီဟု စစ်ရှောင်များကို ကူညီပေးသူများက ပြောသည်။

စစ်ဘေးရှောင်များသည် ကုန်ဈေးနှုန်း မြင့်တက်လာသည့်အတွက် ဈေးသက်သာစေရန် ဖယ်ခုံမြို့မှ ပစ္စည်းများကို လှမ်းမှာဝယ်ယူရာတွင် ဆန်တစ်အိတ်ကို ကျပ် ၄ ထောင်ခန့် အထိ သယ်ယူစရိတ် သီးသန့်ထပ်ပေး ဝယ်နေရကြောင်း စစ်ရှောင်များက ပြောသည်။

ထိုအခြေအနေများကြောင့် အလယ်ကယန်းဒေသတွင် အငတ်ဘေးရင်ဆိုင်ရမည့် အန္တရာယ်ကို စိုးရိမ်ပူပန်ရသည်ဟု ကူညီပေးနေသူများက ပြောသည်။

ဆီးဘူးဒေသသည် ကယန်းပြည်သစ်ပါတီ/ ကယန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLP/ KNLA) ၏ ဌာနချုပ်ရုံးအခြေစိုက်ရာ ဒေသဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်များနှင့် နိုင်ငံရေးအရ လာရောက် ခိုလှုံသူများကို လက်ခံထားသည်။

KNLP သည် ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ယနေ့အချိန်အထိ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသေးပါ။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here