မကွေးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကိုတော်လှန်နေသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF ၏ အပတ်စဉ် (၆) စစ်သင်တန်းတွင် ရဲဘော်အရေအတွက်က အခြားအပတ်စဉ်သင်တန်းများထက် သုံးဆနီးပါး များပြားတာကြောင့် ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံမှုများ ကြုံတွေ့နေရသည်ဟု ပြောသည်။
လက်ရှိ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းတွင် ရဲဘော်၊ စစ်မေများသည် စစ်ပညာသင်တန်း၏ ခက်ခဲကြမ်းတမ်းသော လေ့ကျင်မှုများအပြင် အစားအသောက်နှင့် ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေသည်ဟု ACDF က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။
ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက “အပတ်စဉ် (၆) က အများတကာ အများဆုံးပေါ့၊၊ အပတ်စဉ် (၅) ထက် အများကြီးပိုများတယ်။ နွေရာသီလည်းဖြစ်တဲ့အတွက် ဒီအာဟာရဓါတ်လေးတွေ သူတို့ကို ပြည့်ပြည့်ဝဝနဲ့ ကျွေးချင်လို့ စားနပ်ရိက္ခာအတွက် လိုအပ်နေတာပါ။ စားနပ်ရိက္ခာပိုင်းဆိုတဲ့နေရာမှာ နဂိုထင်ထားတာထက် သုံးဆနီးပါး လူဦးရေများလာတာရယ်၊ စစ်ပညာပေးတယ်ဆိုတာက ထင်ထားတာထက် အများကြီး ခက်ခဲတယ်ပေါ့” ဟု ပြောသည်။
အပတ်စဉ် ၆ စစ်သင်တန်းတွင် အမျိုးသမီးရဲဘော်သည် ၂၀ ရာခိုင်နှုန်းပါဝင်ပြီး ရဲဘော်များသည် အရှိုချင်းလူငယ်၊ လူရွယ်များအများစု ဖြစ်ကြသည်ဟု သိရသည်။
နွေရာသီကာလ စစ်သင်တန်းတွင် ရဲဘော်နှင့်စစ်မေများသည် ချွေးထွက်အလွန်များပြားပြီး အာဟာရဓါတ်၊ အသားဓါတ်များလည်း လိုအပ်နေသည်ဟု သိရသည်။
အခြားသော အပတ်စဉ်သင်တန်းများထက် ယခုအပတ်စဉ် (၆) တွင် သင်တန်းသား အများအပြားတိုးလာချိန်တွင် လိုအပ်ချက် များပြားလာကြောင်း၊ ရဲဘော်နှင့် စစ်မေများအတွက် အခြေခံလိုအပ်ချက်များဖြစ်သော ပွိုင့်ဖိနပ်၊ ဝတ်စုံများကိုလည်း ဆင်ပေးရသောကြောင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခက်အခဲဖြစ်လာသည်ဟု သိရသည်။
ရဲဘော်၊ စစ်မေများအနေဖြင့် စစ်ပညာသင်တန်းကို အင်အားအပြည့်ဖြင့် တက်ရောက်နိုင်ရန်အတွက် လိုအပ်သော ရိက္ခာ၊ အစားအသောက်များကို ပါဝင်ကူညီဖြည့်ဆည်းပေးပါရန် အရှိုချင်းကာကွယ်ရေးတပ်က နှိုးဆော်ထားသည်။
အရှိုချင်းကာကွယ်ရေးတပ်သည် ဧရာဝတီမြစ်အနောက်ခြမ်း၊ မကွေးတိုင်းထဲက အရှိုချင်းဒေသများတွင် စစ်အာဏာရှင် တော်လှန်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်။
KMG ပေးပို့သည်။