မွန်ပြည်နယ်ရှိ အရပ်သားပြည်သူများ အခြေချနေထိုင်ရာ ဒေသအတွင်း စစ်မျက်နှာပြင်အဖြစ် ရွေးချယ် တိုက်ပွဲ ဆင်နွှဲခြင်းကို ရှောင်ရှားရန် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က လက်နက်ကိုင်အဖွဲ့အသီးသီးထံ သတင်းထုတ်ပြန် တောင်းဆိုခဲ့သည်ဟု သိရသည်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဂျိုင်းမြစ်ဒေသခံများနှင့် အခြားဆက်စပ်သည့် ဒေသခံများနှင့်အတူ စစ်ဘေးရှောင် ကူညီရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က မော်လမြိုင်မြို့ သာသနာ့ ၂၅၀၀ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှု၊ တရားမဲ့ အကြမ်းဖက်သတ်ဖြတ်နေမှုအပြင် စစ်ဘေးရှောင်များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စတို့ကို ဝိုင်းဝန်းဆောင်ရွက်နေသူများအား ခြိမ်းခြောက်နေမှုများကို မပြုလုပ်ရန်နှင့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေခြင်းကို အရေးယူပေးရန်လည်း ရေးသားဖော်ပြထားသည်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူနိုင်အောင်ထူးက “ဒီအချက်တွေကို ပုဂ္ဂိုလ်ရေးအရရော အဖွဲ့အစည်းအရရော ဘယ်သူ့ကိုမှ မဆိုလိုဘူး၊ ကိုယ်လုပ်ထားရင် ကိုယ်သိမယ် ၊ ခြိမ်းခြောက်နေတာတွေလည်း ကိုယ်လုပ်ထားရင် ကိုယ်သိမှာပဲ၊ အဲဒါတွေကို ပြည်သူတွေရဲ့ မျက်နှာကြည့်ပြီးတော့ နောက်နောင်မဖြစ်ဖို့ကို ပြောချင်တာပါ” ဟု ပြောဆိုသည်။
ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ မွန်ဒေသအတွင်း တိုက်ပွဲပြင်းထန်လာခဲ့ပြီး ဂျိုင်းမြစ်ဒေသတလျှောက်ရှိ မွန်ကျေးရွာပေါင်း ၂ဝ ကျော်သည် စစ်ဘေးဒဏ် အပြင်းအထန်ခံခဲ့ရသည်။
လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ခံထားရသည့် ဓမ္မသဒေသခံများမှလွဲ၍ စစ်ဘေးရှောင်အချို့မှာ နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီး ကျေးရွာအတွင်း စာသင်ကျောင်းများ ဖွင့်လှစ်ထားသော်လည်း ရွာထဲတွင် နေရာယူ ထားသည့် စစ်ကောင်စီတပ်က နေရာမှ မဖယ်ရှားသေးကြောင်း သိရသည်။
ဓမ္မသရွာတွင် နေအိမ်ပေါင်း ၁၀၀၀ ကျော် ရှိပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့တွင် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး အနည်းငယ် လောင်ကျွမ်းခဲ့သည့်နေအိမ် ၆၀ ကျော်ရှိကြောင်း သိရသည်။
“နေရပ်ပြန်သွားတဲ့သူတွေက ပုံစံကျကျနဲ့ ပြန်သွားကြတာလည်း မဟုတ်ဘူး။ နေအိမ်တစ်အိမ်မှာ လူသုံးလေး ယောက်လောက် ရှိနေတယ်ဆိုရင် အိမ်ကိုလာကြည့်တာ လာစောင့်တဲ့ပုံစံနဲ့ ၂ ယောက်လောက်ပဲ ပြန်ကြတယ်။ နောက်ပြီး ကျောင်းလာပြန်နေတဲ့အိမ်တွေဆိုလည်း အဘွားနဲ့မြေးတစ်ယောက် အဲလိုပုံစံပေါ့၊ အတည်တကျ ပြန်လာပြီး အလုပ်အကိုင်အတည်တကျ လုပ်သွားမဲ့ ပုံစံတော့ မရှိသေးဘူး။ နောက်ပြီး. ဗမာစစ်တပ်တွေက ရွာထဲမှာပဲရှိနေတော့ အေးအေးချမ်းချမ်းနေဖို့က စိုးရိမ်နေရတယ်” ဟု ဓမ္မသရွာခံတစ်ဦးက ဆိုသည်။
လက်နက်ကိုင် တိုက်ပွဲအရှိန်ကြောင့် အဆိုပါကျေးရွာများမှ နေအိမ်ပေါင်း ၄၁၆ လုံး မီးလောင်ပြာကျခဲ့ပြီး၊ စစ်မျက်နှာပြင်နှင့်နီးသည့် မွန်ရွာ ၁၁ ရွာမှ ဒေသခံ ၅ သောင်းကျော် စစ်ဘေးဒဏ်သင့်ခဲ့ရသည်ဟု စစ်ဘေးရှောင် ကူညီရေးအဖွဲ့၏ ထုတ်ပြန်စာတွင် ဖော်ပြပါရှိသည်။
ထုတ်ပြန်စာအရ တိုက်တွန်းတောင်းဆိုထားသည့် အချက်အလက်များသည် ဒေသခံတို့၏သဘောဆန္ဒကို အခြေခံ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ကျူးလွန်ထားသည်ဟု ရေးသား ဖော်ပြထား သည်ကို မတွေ့ရှိရပေ။
မွန်ပြည်သစ်ပါတီ (AD) မှ နိုင်ဗညာမွန်က “အဓိက ဒီပြဿနာရဲ့အရင်းမြစ်က ဗမာစစ်တပ်တွေပဲ။ နေအိမ် မီးလောင်သွားရတာတို့ ဒေသခံတွေ တရားမဲ့ပစ်သတ်ခံရပြီး ဆိုင်ကယ်တွေ အခိုးခံနေရတာတွေက ဗမာစစ်တပ် (စကစ) တွေ လုပ်နေတာ၊ ပြီးတော့ သူတို့က စစ်တပ်တွေလေ ကျေးရွာအတွင်းနေနေတာ၊ ရွာအတွင်း မှီခိုနေတာတွေ ဒီအကျိုးအကြောင်းတွေကိုလည်း ရွာခံတွေက ပိုနားလည်မယ်လို့ ထင်တယ်” ဟု ပြောဆိုသည်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွင် မွန်သင်္ဃာတော်များ၊ မွန်ပြည်သစ်ပါတီ NMSP၊ မွန်ပြည်သစ်ပါတီ MUP ၊ မွန်တိုးတက်ရေးပါတီ MP နှင့် စစ်ကောင်စီ ခွင့်ပြုချက်ရရှိထားသည့် မွန်လူမှုအဖွဲ့အစည်းတို့ဖြင့် ဖွဲ့စည်းထား ကြောင်း သိရသည်။
IMNA ပေးပို့သည်။