အရပ်သားနေအိမ်ပေါ်လက်နက်ကြီးကျည်ကျလို့ ဖားကန့်၊ ဆိုင်းတောင်ဒေသခံ မိသားစုဝင် ၃ ဦး ဒဏ်ရာရ

0
246
ပုံစာ - ဖားကန့်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် အရပ်သားနေအိမ်တစ်လုံးပေါ်ကျရောက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် အရပ်သားနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး မိသားစု ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်ဒေသခံတစ်ဦးက “စနေ့ည (စက်တင်ဘာ ၃၀ ရက်နေ့) က ဆိုင်းတောင်မှာဖြစ်တာ အိမ်ရှင်လင်မယား နှစ်ယောက်နဲ့ တူလေး ထိတာ၊ ဖားကန့်ကနေထုလိုက်တဲ့ လက်နက်ကြီးက ဆန်းသီတာ စစ်တပ်ကုန်း တောင်ဘက်ကို သွားကျတော့ နေအိမ်ပြည်သူအိမ်ကို သွားထိတာ၊ အဲမှာ အမိုးတွေ အကုန်လန်ကုန်တာ။ လူ ၃ ယောက်လည်း ဒဏ်ရာရသွားတယ်။ သေတော့ မသေဘူး။ အခုဆေးရုံကြီးမှာလို့ ပြောတယ်” ဟု ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါနေအိမ်မှ မိသားစုဝင် ၃ ဦးမှာ ဦးခေါင်း၊ လက်၊ ခြေတို့ တွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြပြီး၊ အဆိုပါ မိသားစုဝင်များအား ဖားကန့်ဆေးရုံသို့ ဒေသတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့များက ကူညီပို့ဆောင်လိုက်ရသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

ထိုမိသားစုဝင် ၃ ဦးအနက် အမျိုးသားဖြစ်သူဦးဇင်မျိုးလတ်မှာ စိုးရိမ်ရသောကြောင့် အောက်တိုဘာလ ၁ ရက်နေ့က မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။

“သုံးယောက်စလုံးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်။ ညတွင်းကြီးကို ဖားကန့်ဆေးရုံကြီးကို ပို့လိုက်ရတာ။ အမျိုးသားဖြစ်သူကိုကျတော့ မနေ့က (အောက်တိုဘာ ၁ ရက်နေ့) မနက် မန္တလေးဆေးရုံကို ပို့လိုက်ရတယ်။ ထိတဲ့ ဒဏ်ရာတွေက ဦးခေါင်းနဲ့ လက်မောင်း၊ ခြေတွေမှာ ထိတယ်လို့ပြောတယ်။ အမျိုးသားနာမည်ပဲ သိရတယ်။ သူက အရမ်းစိုးရိမ်ရတယ် ပြောတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ဖားကန့်၊ ဆိုင်းတောင်ရပ်ကွက်ရှိ အဆိုပါ အရပ်သားနေအိမ်တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ ဝန်းကျင်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး၊ ထိုသို့ လက်နက်ကြီးကျည် မကျရောက်ခင် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည့် ရဲစခန်းကုန်းအနီး ဗုံး ၄ လုံး ပေါက်ကွဲခဲ့ရာမှ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည့် ရဲစခန်းကုန်းအနီး၌ စက်တင်ဘာလ ၃၀ ရက်နေ့ ညဆယ်နာရီခွဲ ဝန်းကျင်တွင် ဗုံး ၄ လုံး ပေါက်ကွဲခဲ့ကြောင်း ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ယခုလို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့် အဆိုပါ ရဲစခန်းကုန်းမှာ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF တို့က သွားရောက်တိုက်ခိုက်ခဲ့သည့် စခန်းကုန်းဖြစ်ကြောင်း ဖားကန့်မြို့ခံများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here