အမျိုးသားရေးအကျိုးလုပ်ကိုင်သူများ စစ်တိုက်တတ်ရုံသာမက ဘက်ပေါင်းစုံကို သိရှိနားလည်ပြီး ကျရာကဏ္ဍ အသီးသီးကနေ ထောင်စုံဆောင်ရွက်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံး- KNU ၏ ဗဟိုအမြဲတမ်းကော်မတီဝင် လည်း ဖြစ်ပြီး KNU ဝါရင့်တော်လှန်ရေး ပုဂ္ဂိုလ်ကြီးလည်းဖြစ်သူ ပဒိုစောသမိန်ထွန်းက တိုက်တွန်းပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၇) ဖားအံခရိုင်တွင် ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်သော (၇၄) နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့တွင် ပဒိုစောသမိန်ထွန်းက ထိုသို့ ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။
“အမျိုးသားရေးအကျိုး ဆောင်ရွက်ခြင်းက စစ်တိုက်တာ တစ်ခုတည်းနဲ့မရဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တာကို သိရမယ်။ ထောင့်အသီးသီးက ကိုယ်သန်ရာကိုယ်လုပ်၊ ထောင့်တစ်ခုတည်းကနေ လုပ်လို့မရဘူး။ ဘက်စုံထောင့်စုံကနေ ဆောင်ရွက်ရမယ်” ဟု ပဒိုစောသမိန်ထွန်းက ပြောဆိုသည်။
ထို့အပြင် သမိုင်းပေးတာဝန်ဖြစ်သည့် တော်လှန်ရေးလုပ်ဆောင်ခြင်းအား အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း စိတ်ဓာတ်ဖြင့် အသက်သေသည်အထိ စည်းဝိုင်းအပြင်မထွက်၊ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် တော်လှန်ရေး မအောင်မြင်သေးရခြင်း၏ အကြောင်းအရင်းကိုလည်း သုံးသပ်ရမည်ဟု KNU ၏ ဝါရင့် တော်လှန်ရေးပုဂ္ဂိုလ် ပဒိုစောသမိန်ထွန်းက ထည့်သွင်းပြောဆိုခဲ့သည်။
ကရင့်အမျိုးသားအာဇာနည်နေ့တွင် တက်ရောက်လာသည့် KNU ခေါင်းဆောင်၊ လူငယ်များမှ ကရင့်အမျိုးသား တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်များအား ဦးညွှတ်အလေးပြုခြင်း၊ လွမ်းသူပန်းခွေ ချခြင်းနှင့် တက်ရောက်လာသည့် ခေါင်းဆောင်အသီးသီးကလည်း မိန့်ခွန်းပြောကြားခဲ့ကြသည်။
အခမ်းအနားကို တက်ရောက်လာသည် ကရင်လူငယ်စောအဲလ်ဘတ်ချိုက “တော်လှန်ရေးထဲမှာ ပေးဆပ်ရသူ တွေက ပေးဆပ်ရတာ အလကားမဖြစ်ဘူး။ ဥပမာ စောဘဦးကြီးဆို ကရင်လူထုအတွက် သူပေးဆပ်တယ်။ လူထုက အမှတ်တရရှိတယ်၊ သူချတဲ့လမ်းကြောင်းကို လိုက်တယ်။ အာဇာနည်ဆိုတာ အဲ့လိုမျိုး၊ အာဇာနည်တွေ ကတော့ တာဝန်ပြည့်စုံသွားပြီဆိုပေမယ့် ကျန်ရှိသေးတဲ့သူတွေကတော့ မပြီးပြတ်သေးတဲ့ တာဝန်ရှိသေးတယ်ပေါ့၊ အဲ့လိုခံစားရတယ်” ဟု ပြောသည်။
ကရင့်အမျိုးသားအာဇာနည်နေ့တွင် ပေးပို့လာသော သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ကရင်လူငယ်အစည်းအရုံး-KYO လူငယ်များမှ ဂုဏ်ပြုသီချင်းသီဆိုခြင်းနှင့် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရရှိသူ စောအဲလ်ဘတ်ချိုအား ဂုဏ်ပြုချီးမြှင့်ပြီးနောက် ကရင်အမျိုးသားသီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အာဇာနည်နေ့အခမ်းအနားကျင်းပရာသို့ ကေအဲန်ယူ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းနှင့် ပဒိုနော်ဒါးဒါး အပါအဝင် အခြားတာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များ၊ ကရင်လူငယ်များ တက်ရောက်ခဲ့ကြသည်။
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်ရဲဘော်များမှ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ၁၉၅၀ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့၊ ကော့ကရိတ်မြို့နယ်၊ နဘူး-ထို့ကော်ကိုးရွာအနီး ရန်သူ၏ပစ်ခတ်ခြင်းခံရသဖြင့် ကျဆုံးခဲ့ကြရသည့်နေ့ကို အစွဲပြု၍ ကရင်တစ်မျိုးသားလုံး၏အာဇာနည်နေ့အဖြစ် KNU အုပ်ချုပ်နယ်မြေများတွင် ကျင်းပပြုလုပ်ခဲ့ကြရာ (၇၄) နှစ် ပြည့်မြောက်လာပြီ ဖြစ်သည်။
KIC ပေးပို့သည်။