အမျိုးသမီးများအပါအဝင် အရပ်သား ၈ ဦးကို စစ်ကောင်စီ မောရဝတီရေတပ်မှ ဖမ်းဆီးခေါ်ဆောင်သွား

0
335
ပုံစာ - စစ်ကောင်စီ မောရဝတီရေတပ်မှ ဖမ်းဆီးခံထားရသူများ။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီ၏ မောရဝတီရေတပ်မှ နှစ်ရက်အတွင်း အမျိုးသမီးများ အပါအဝင် အရပ်သား ၈ ဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ မဂ္ဂင်ရပ်ကွက် ကံပေါက်ဈေးအတွင်းမှ အသက် ၆၀ နှစ်အရွယ် ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဒီးဒုတ် အပါအဝင် ဒေါ်မီးချို၊ ကိုကျော်ဦး၊ ကိုကျော်ကျော်တို့ မိသားစုဝင်လေးဦး အပြင် အလုပ်သမားများ ဖြစ်ကြသည့် ကိုမင်းသူအောင်နှင့် ကိုအောင်ပိုင်စိုးတို့ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သားများကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်က ကံပေါက် ကျေးရွာ သစ်တောရုံး လမ်းဆုံတွင် မိုင်းတွေ့ရှိခဲ့ပြီးနောက် ၎င်းတို့ကို ယင်းနေ့ညနေပိုင်း၌ လာရောက်ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

“အခုအဖမ်းခံရတဲ့ ကုန်စုံဆိုင်ရဲ့ အရှေ့တည့်တည့်မှာက စစ်တပ်ထောက်ခံတဲ့ စီးပွားတူပြိုင်ဘက်ဆိုင်လည်း ရှိနေ တော့ တမင်ချောက်ချလို့ အဖမ်းခံရတာလား မသိဘူး။ မိုင်းတွေ့တဲ့ အနီးအနားတဝိုက်က သူတွေကို မသင်္ကာလို့ ဖမ်းတယ် ဆိုရင် တမျိုး၊ အခုက မိုင်းတွေ့တဲ့နေရာနဲ့က တခြားဆီ အဝေးကြီးပါ” ဟု ဖမ်းခံရသူတို့၏ မိသားစု ဆွေမျိုးတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းတို့ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ကား ၅ စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ထိုသို့ ကုန်စုံဆိုင်အား ဝင်ရောက်ဖမ်းဆီးနေစဉ် ကံပေါက်ဈေးနှင့် အထက်တန်းကျောင်းလမ်းကို ပိတ်ထားခဲ့သည်ဟု ဆိုသည်။

အလားတူ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ကံပေါက်ကျောက်တိုင် အနီးရှိ လျှပ်စစ်ပစ္စည်းဆိုင်သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ကား ၂ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင် မအေးအေးသူ အသက် ၃၅ နှစ်နှင့် ဆိုင်အကူ မသဇင်လွင် အသက် ၃၃ နှစ် တို့ကို စစ်ဆေးပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ကုန်စုံဆိုင်နှင့် လျှပ်စစ်ပစ္စည်းဆိုင်တို့မှ ဖမ်းဆီးခံခဲ့ရသူများ အားလုံးမှာ ရပ်ကွက်အတွင်း ဈေးရောင်းနေကြသည့် ဒေသခံဈေးသည်များသာ ဖြစ်ကြသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ၈ ဦး စလုံးကို မောရဝတီ ရေတပ်ဌာနချုပ်တွင် စစ်ဆေးနေပြီး ဇူလိုင် ၁၇ ရက် ညနေပိုင်း အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here